စုံတောမြိုင်တက္ကသိုလ်၊ သမိုင်းရှိသောတက္ကသိုလ်
လွန်ခဲ့သော နှစ်ပေါင်းငါးဆယ်ကျော်က ဖြစ်ပါသည်။ အတိအကျဆိုရသော် ၁၉၆၉ ခုနှစ်။ ကျွန်တော် ရန်ကုန်မြို့ သို့ အဖော်မပါ တစ်ယောက်တည်း ခရီးနှင်ခဲ့ သည်။ ပထမဆုံးအကြိမ် သွားရောက်ခြင်းလည်း ဖြစ်သည်။ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်၊ ၄၁-လမ်း ဦးလေးအိမ်၊ ရွှေတိဂုံစေတီ၊ မင်္ဂလာဒုံလေဆိပ်တို့ကိုသွားရန် ရည်ရွယ် ပြီးလာခဲ့ သည်။ ရန်ကုန်ဘူတာကြီးသို့ နံနက်ခင်းရောက် သွားပါသည်။ မြင်ကွင်းများက ထူးဆန်းနေသည်။ ရန်ကုန်ဆိုတာ တို့ရွာက ဘုရားပွဲထက် စည်ပါလားဆို သောကိန်းဖြစ်ပါသည်။ အရွယ်ကလည်းငယ်၊ ရောက်ချင် သွားချင်ဇော ကလည်း ရှိနေသဖြင့် ကြောက်ရလန့်ရမှန်း မသိ။ ယခုခေတ်ကဲ့သို့ လက်ကိုင်ဖုန်းမပါ။ လမ်းဘေး ဖုန်းဆိုင် လည်းမရှိ။ ပါးစပ်ပါ ရွာရောက် တောဓလေ့ဆိုရိုး စကားကို လက်ကိုင်ထားပြီးသွားရ။ ဟိုမေး သည်မေးဖြင့် လိုင်းကားစီး။ ကမာရွတ်လှည်းတန်းရောက်၊ ကားပေါ်က ဆင်း၊ လမ်းလျှောက်။ လမ်းဘေးဆိုင်းဘုတ်ဖတ်၊ နှုတ်က လည်းမေး၊ မကြာခင် ရန်ကုန်တက္ကသိုလ် အင်းဝဆောင် သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားသည်။
