သာယာရှုမဆုံး တန်ဆောင်မုန်း
တန်ဆောင်မုန်းလမှာ မြောက်လေဆော်သွေးလျက်ရှိပြီး ငွေနှင်းမှုန်တို့ရွှဲရွှဲစိုအောင် ကျနေတာကို မြင်ရတဲ့မြင်ကွင်းမှာ နုပျိုလှပနေပါတယ်။ ဗေဒင်အလိုအားဖြင့် တန်ဆောင်မုန်းလရဲ့ စန်းယှဉ်နက္ခတ်မှာ ကြတ္တိကာနက္ခတ်ဖြစ်ပြီး ကျီးတာရာကလည်း ထွန်းလင်းနေပါတယ်။ ရှေးအခါက“တန်ဆောင်မှုန်းလ”လို့ ခေါ်ဝေါ်ကြရာ “တန်ဆောင်”ဆိုသည်မှာ မီးတိုင်ကိုခေါ်ဆိုခြင်းဖြစ်ပြီး “မှုန်း”ဆိုတာက ခြယ်မှုန်းခြင်းကိုဆိုလိုခြင်းဖြစ်ပါတယ်။ ဒါ့ကြောင့် “မီးတိုင်များ ပျံ့နှံ့ထွန်းလင်းသောလ”လို့ အဓိပ္ပာယ်ရရှိပြီး ကာလကြာတဲ့အခါ “တန်ဆောင်မုန်းလ”လို့ ပြောင်းလဲသွားပါတယ်။ အထိမ်းအမှတ် ပန်းမှာ ခဝဲပန်းဖြစ်ပါတယ်။ မုံရွေးဆရာတော်ကြီးရဲ့ ဆယ့်နှစ်လရာသီ မိုးဘွဲ့တွင် တန်ဆောင်မုန်းတွင်း ဆီးနှင်းတစ်ပြိုက် မိုးတစ်ပြိုက်လို့ ဆိုထားခဲ့ရာ ဆီးနှင်းများ ကျလိုက်၊ မိုးများ ရွာလိုက် ဖြစ်နေတတ်ပါတယ်။
