မိမိတို့ ဆေးလောကမှာ စာတမ်းတွေရေးကြ၊ ဖတ်ကြရင် အစမှာဖြစ်စေ အဆုံးမှာဖြစ်စေ “Disclosure” ဆိုပြီး စာတမ်းနဲ့ပတ်သက်လို့ ပြောဖို့လိုတဲ့ ဖွင့်ဟဝန်ခံချက်ကို ဖော်ပြရေးသားပြောဆိုလေ့ရှိပါတယ်။ အခုရေးမယ့် ဆောင်းပါးအတွက်လည်း မိမိအနေနဲ့ ဖွင့်ဟဝန်ခံချက် ဖော်ပြရေးသားလိုပါတယ်။ မိမိဟာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့် ပုဂ္ဂိုလ်လည်း မဟုတ်ပါဘူး။ USA / NIH က Dr Anthony Fauci လို UK Oxford University က Professor Sarah Gilbert နဲ့ London, Imperial College က Professor Robin Shattock တို့လို ကမ္ဘာကျော် ကျွမ်းကျင်ပညာရှင်အဆင့်လည်း မဟုတ်ပါဘူး။ မြန်မာပြည်ဆေးလောကမှာ ဆယ်စုနှစ်လေးခုကျော် ဖြတ်သန်းလာခဲ့တဲ့ အငြိမ်းစားဆေးပညာ ရှင်တစ်ဦးပါ။ အခု COVID-19 ကမ္ဘာ့ကပ်ရောဂါကြီး ဖြစ်နေတဲ့အချိန်မှာ မိမိအနေနဲ့ သာမန်အများပြည်သူတွေအတွက် ဒီရောဂါနဲ့ပတ်သက်လို့ သိသင့်တဲ့အချက်၊ ဆောင်ရန် ရှောင်ရန်အချက်တွေကို ရေးသားနေတဲ့အခါမှာ ကြောက်အောင်၊ လန့်အောင် ခြောက်လှန့်ရေးတာမဟုတ်ဘဲ လူအများအနေနဲ့ သိသင့်တာနဲ့လုပ်သင့်ပြီး လုပ်နိုင်တာကိုသာ ရေးသားနေတာဖြစ်ပါကြောင်း ပထမဆုံး ဖော်ပြလိုပါတယ်။