ကမ္ဘာ့ဆူနာမီ အသိပညာ ပြန့်ပွားရေးနေ့
ဆူနာမီဟူသည့် ဝေါဟာရသည် ဂျပန်ဘာသာစကား မှ ဆင်းသက်လာခြင်းဖြစ်ပြီး ကမ်းခြေသို့ ရိုက်ခတ်လာ သော လှိုင်းလုံးကြီးဟူသည့် အဓိပ္ပာယ်ဖြစ်ပါသည်။ အဓိက အကြောင်းရင်းများဖြစ်သည့် ပင်လယ်အောက်ကြမ်းပြင် တွင် မြေငလျင်လှုပ်ခြင်း၊ မြေပြိုခြင်း၊ မီးတောင်ပေါက်ကွဲ ခြင်း(သို့မဟုတ်) ရေအောက်ကြမ်းပြင်တွင် ပြင်းထန်သည့် ပေါက်ကွဲမှုတစ်ခုခုဖြစ်ပွားခြင်း၊ ရေခဲတောင်များပြိုကျ ခြင်း၊ ပင်လယ်ပြင်အတွင်းသို့ ဥက္ကာခဲများ ကျရောက်ခြင်း နှင့် ပင်လယ်ရေမျက်နှာပြင်အပေါ် (သို့မဟုတ်) အောက်ဘက်တွင် ကြီးမားပြင်းထန်သည့် တုန်ခါမှုတစ်ခုခု တို့ကြောင့် ဆူနာမီဖြစ်ပွားနိုင်ပါသည်။ ဘေးအန္တရာယ် ဆိုင်ရာ ကိန်းဂဏန်းများအရ ဖြစ်ပွားသည့် အကြိမ် အရေအတွက်နှင့် နှိုင်းဆကြည့်ပါက ဆူနာမီဘေးသည် ကမ္ဘာပေါ်တွင် လူသေဆုံးမှုနှင့်ထိခိုက်ပျက်စီးမှု အများဆုံး ဖြစ်ပေါ်စေနိုင်သော သေမင်းတမန် သဘာဝဘေးအန္တရာယ် တစ်ခုအဖြစ် သတ်မှတ်ထားပါသည်။
