မြန်မာ့ရက်ကန်း လက်မှုအနုပညာ အထူးပြပွဲသို့
အမျိုးသားပြတိုက် (နေပြည်တော်) ကို မြန်မာတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ် ဖော်ထုတ်ပြသရန်၊ ကြွယ်ဝပြီး အဆင့်အတန်းမြင့်မားသည့် မိမိတို့၏ယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ထုတ်ပြသရန်နှင့် မိမိတို့လူမျိုး၏ Soft Power စွမ်းဆောင်ချက်များကို ပြသရန်ဟူသည့်ရည်ရွယ်ချက်များဖြင့် ရှေးဟောင်းသုတေသနဆိုင်ရာ၊ သမိုင်းဆိုင်ရာ၊ ယဉ်ကျေးမှုနှင့် အနုသုခုမဆိုင်ရာ အမွေအနှစ်ပစ္စည်းများကို ခင်းကျင်းပြသခဲ့သည်မှာ ၁၅-၇-၂၀၂၄ ရက်နေ့တွင် (၉) နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။ အမျိုးသားပြတိုက် (နေပြည်တော်) (၉) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် မြန်မာ့ရက်ကန်းလက်မှုအနုပညာအထူးပြပွဲကို ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဇူလိုင်လ ၂၈ ရက် နေ့အထိ ပြသလျက်ရှိပါသည်။
