Skip to main content

နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့် DPLA ၊ KNDF ၊ PNLO နှင့် PDF အမည်ခံ အဖွဲ့ဝင် ၂၇ ဦးတို့သည် လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်

နေပြည်တော် မတ် ၂၄

နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာသည့် DPLA ၊ KNDF ၊ PNLO နှင့် PDF အမည်ခံအဖွဲ့မှ အဖွဲ့ဝင် အမျိုးသား ၂၆ ဦးနှင့် အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၂၇ ဦးတို့သည် လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာကြသည်။

ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသည့် DPLA အဖွဲ့ဝင် အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၁ ဦး၊ KNDF အဖွဲ့ဝင် အမျိုးသား ၅ ဦး၊ PNLO အဖွဲ့ဝင် အမျိုးသား ၁၄ ဦးနှင့် သထုံ PDF အမည်ခံအဖွဲ့ဝင် အမျိုးသား ၁ ဦး၊ စုစုပေါင်း အမျိုးသား ၂၆ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ကို တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ယနေ့တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ သံလွင်ခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့ကြသူများနှင့် ၎င်းတို့၏မိဘများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားပြီး တာဝန်ရှိသူတစ်ဦးက နယ်မြေတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပုဒ်မများနှင့်ပတ်သက်၍ အသိပညာပေးရှင်းလင်းပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူ ပါရှိလာသည့် M-16 ၁ လက်၊ M-22 ၂ လက်၊ စနိုက်ပါ ၁ လက်၊ AK -47 ၁ လက်၊ Type-81 ၃ လက်၊ ပစ္စတို ၂ လက်၊ ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းများကို လွှဲပြောင်းအပ်နှံရာ တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။

ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား ပစ္စတို ၂ လက်အတွက် ဆုကြေးငွေ ကျပ်သိန်း ၄၀၊ မောင်းပြန်ရိုင်ဖယ် ၈ လက်အတွက် ငွေကျပ်သိန်း ၄၀၀၊ အလင်းဝင်ရောက်လာသူများအတွက် ငွေကျပ် ၄၉ သိန်း၊ စုစုပေါင်းငွေကျပ် ၄၈၉ သိန်းကိုပေးအပ်ပြီး ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပေးကြသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

အဆိုပါ ဥပဒေဘောင်အတွင်းသို့ဝင်ရောက်လာကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ အဖွဲ့ဝင်များနှင့် PDF အမည်ခံအဖွဲ့များမှ အဖွဲ့ဝင်များသည် အတင်းအဓမ္မစုဆောင်းခံကြရခြင်း၊ အကြမ်းဖက်အဖွဲ့များ၏ အကျိုးစီးပွားအတွက် အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်သည့် အခြေခံအဆောက်အအုံများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင် လူမျိုးရေးခွဲခြားဆက်ဆံမှုနှင့် အဆင့်အတန်းခွဲခြား၍ အချင်းချင်း ဗိုလ်ကျနှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုများကျူးလွန်ခြင်း၊ အနေအစားဆင်းရဲ၍ ပင်ပန်းဆင်းရဲစွာနေထိုင်ရခြင်းနှင့် တပ်မတော်၏တိုက်စစ်ကို ခုခံနိုင်တော့ခြင်းမရှိဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့အပြင် နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ပြန်လည်အကျိုးပြုလိုခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးပြီး မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျ ပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများကျန်ရှိနေသေးကြောင်း သိရှိရပြီး ယခုကဲ့သို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ်သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပြီး လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများ၏ စကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည် -

၁။ ကျွန်တော်ကတော့ အကြမ်းဖက် DPLA အဖွဲ့ကနေ မှားခဲ့တာတွေ မှားခဲ့ပြီဖြစ်တဲ့အတွက် အမှားတွေကို အမှန်ပြင်ဖို့အတွက် အလင်းလာဝင်ရောက်တာဖြစ်ပါတယ်။ အလင်းလာဝင်ရောက်တဲ့အချိန်မှာလည်း တပ်မတော်မှ တာဝန်ရှိသူတွေက ကျွန်တော်တို့ကို မိသားစုသဖွယ် ညီအစ်ကို မောင်နှမအရင်းအချာလိုမျိုး ပြောဆိုဆက်ဆံတဲ့အတွက် ကျွန်တော်တို့ ဝမ်းသာကျေနပ်ပါတယ်လို့ ပြောချင်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော့်အနေနဲ့ အလင်းဝင်ဖို့ ဆုံးဖြတ်ချက်ချလိုက်တာ မှန်ကန်တယ်လို့ မြင်မိပါတယ်။ ဒါကြောင့်မို့ ကျန်ခဲ့တဲ့ တောထဲမှာရှိနေတဲ့ ကျွန်တော့်ရဲ့ သူငယ်ချင်းတွေ ရဲဘော်တွေကိုလည်း တော်လှန်ရေးလုပ်ပြီးတော့ ဘာကို တော်လှန်လို့ တော်လှန်နေမှန်းမသိဘဲနဲ့ အဓိပ္ပာယ်မဲ့ အသက်တွေစတေးမယ့် အတူတူတော့ ကျွန်တော်တို့လိုမျိုးပဲ မိသားစုလည်း စုံစုံလင်လင် နွေးနွေးထွေးထွေး ပြန်နေရအောင်လို့၊ ဘဝကို အေးအေးဆေးဆေး ဖြတ်သန်းရအောင်လို့ တပ်မတော်နဲ့ လက်တွဲပြီးတော့ အလင်းဝင်ရောက်လာဖို့အတွက် ဖိတ်ခေါ် တိုက်တွန်းချင်ပါတယ်။

၂။ ကျွန်တော်ကတော့ သထုံအကြမ်းဖက် PDF အဖွဲ့က အလင်းဝင်ရောက်လာသူ ဖြစ်ပါတယ်။ ဒီ ၂၀၂၅ ဩဂုတ်လမှာ ကျွန်တော်ထွက်ပြေးလာခဲ့ပြီး တောင်ကြီးမှာရှိတဲ့ ကျွန်တော့်ရဲ့ အစ်ကိုတစ်ယောက်ဆီကို တိမ်းရှောင်ပြီးတော့ ဒီက တပ်မတော်မှာရှိတဲ့ အရာရှိတွေကို ကျွန်တော်လှမ်းပြီးဆက်သွယ်တယ်။ ကျွန်တော်လှမ်းပြီး ဆက်သွယ်တဲ့အခါမှာလည်း ဆရာတို့က ကျွန်တော့်ကို ညီအစ်ကိုမောင်နှမလို၊ မိသားစုလို ဆက်ဆံတယ်။ ကျွန်တော့်ကို ဖိတ်ခေါ်ခဲ့တယ်။ မိသားစုနဲ့ ပြန်လည်တွေ့ဖို့ ကျွန်တော့်ကို လုပ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်တယ်။ ကျွန်တော့်လိုပဲ အမြင်မှန်ရပြီးတော့ အလင်းဝင်လာဖို့အတွက် ကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်။

သတင်းစဉ်