Skip to main content

နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ အမျိုးသား ၂၀ ဦးနှင့် အမျိုးသမီး ၁ ဦး၊ AA အဖွဲ့ဝင် အမျိုးသား ၁ဦး၊ ပေါင်း ၂၂ ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်

နေပြည်တော် မတ် ၂၀

နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန်ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်နှင့်တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည် သဘောပေါက်လာသည့် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ အမျိုးသား ၂၀ ဦးနှင့် အမျိုးသမီး ၁ ဦး၊ AA အဖွဲ့ဝင် အမျိုးသား ၁ဦး၊ ပေါင်း ၂၂ ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြပြီး တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် အေးချမ်းဖြိုးခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ ဥပဒေဘောင်အတွင်းသို့ဝင်ရောက်လာကြသည့် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံအဖွဲ့ဝင်များသည် မိသားစုဝင်ဆွေမျိုးများနှင့်အကြပ်ကိုင်၍ အတင်းအဓမ္မစုဆောင်းခံကြရခြင်း၊ အကြမ်းဖက်အဖွဲ့များ၏ အကျိုးစီးပွားအတွက် အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်သည့် အခြေခံအဆောက်အအုံများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်လုပ်ဆောင်နေမှုများကို လက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင် အထက်အောက် အဆင့်အတန်းခွဲခြား၍ အချင်းချင်း ဗိုလ်ကျနှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုကျူးလွန်ခြင်း၊ အနေအစားဆင်းရဲ၍ ပင်ပန်းဆင်းရဲစွာနေထိုင်ရခြင်းနှင့်တပ်မတော်၏တိုက်စစ်ကို ခုခံနိုင်ခြင်းမရှိတော့ဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့အပြင်နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့်ပြည်သူလူထုအတွက် ပြန်လည်အကျိုးပြုလိုခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အားစွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာကြသည့် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့မှ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၁ဦး၊ ရွှေကျင်မြို့မှ အမျိုးသား ၁ဦး၊ ရွှေတောင်မြို့မှ အမျိုးသား ၁ ဦး၊ ရေတာရှည်မြို့မှ အမျိုးသား ၃ ဦး၊ ပန်းတောင်းမြို့မှ အမျိုးသား ၆ ဦး၊ အုတ်ဖိုမြို့မှ အမျိုးသား ၂ ဦး၊ မင်းလှမြို့မှ အမျိုးသား ၁ ဦး၊ ဖြူးမြို့မှ အမျိုးသား ၁ဦး၊ ပေါက်ခေါင်းမြို့မှ အမျိုးသား ၁ ဦး၊ စုစုပေါင်းအမျိုးသား (၂၁)ဦးနှင့် အမျိုးသမီး(၁)ဦးတို့အား တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ အေးချမ်းဖြိုးခန်းမ၌ပြုလုပ်ရာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်သူရဇော်လွင်စိုးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးမှ ဥပဒေဘောင်အတွင်းဝင်ရောက်လာသူများအား အသိပညာပေးအမှာစကားပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူ ပါရှိလာသည့် M4 သေနတ် ၂ လက်၊ MA1 သေနတ် ၃ လက်၊ MA3 ၂ လက်၊ MA4 သေနတ် ၁ လက်၊ AK47 သေနတ် ၁ လက်၊ T-81 သေနတ် ၁ လက်၊ ပစ္စတို ၂ လက်၊ လေသေနတ် ၁ လက်၊ ကျည်မျိုးစုံ ၅၆၉ တောင့်၊ ကျည်အိမ် ၁၆ ခု၊ လက်ပစ်ဗုံး ၄ လုံး၊ ၄၀ မမဗုံးသီး ၇ လုံး၊ ခဲဖူး ၈၈ ခုတို့အား လွှဲပြောင်းအပ်နှံရာ တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။ ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား မောင်းပြန်ရိုင်ဖယ်သေနတ်တစ်လက်အတွက်ဆုကြေးငွေသိန်း ၅၀ နှုန်းဖြင့် ၁၀ လက်အတွက် ငွေကျပ် သိန်း ၅၀၀၊ ပစ္စတို ၁ လက်အတွက် ဆုကြေးငွေ ကျပ်သိန်း ၃၀ နှုန်းဖြင့် ၂လက်အတွက် ဆုကြေးငွေကျပ်သိန်း ၆၀၊ လေသေနတ်တစ်လက်အတွက် ဆုကြေးငွေကျပ် ၅ သိန်း၊ လက်ပစ်ဗုံး တစ်လုံးစီအတွက် ဆုကြေးငွေ ကျပ် ၃ သိန်းနှုန်းဖြင့် လက်ပစ်ဗုံး ၄ လုံးအတွက် ငွေကျပ် ၁၂ သိန်းနှင့် ထောက်ပံ့ပစ္စည်းများကို ထပ်မံထောက်ပံ့ပေးအပ်ရာ ဥပဒေဘောင်အတွင်းပြန် လည်ဝင်ရောက်လာသူများကိုယ်စား ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက် ခံဝန်ကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပေးအပ်ခဲ့ပြီး တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ပြီး စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများကျန်ရှိနေသေးကြောင်းသိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

ထိုသို့ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများ၏ စကားသံများနှင့် ၎င်းတို့၏ မိဘများထံမှ စကားသံများကို လည်း ယခုကဲ့သို့ ကြားသိရပါသည်-

၁။ BPLA မှာ တာဝန်ထမ်းဆောင်ပါတယ်။ ကျွန်တော့် သူငယ်ချင်းနဲ့နှစ်ယောက် လားရှိုးကိုသွားရင်းနဲ့ လားရှိုးမှာအဖမ်းခံရတာပါ။ အရပ်သားအစိုးရပေါ်လာရင်တော့ လက်နက်ချပြီး လက်နက်ပြန်အပ်ကြမယ်။ တဖြည်းဖြည်းနဲ့ နေပါများလာတော့လည်း သိလာတယ်။ ကျွန်တော်တို့ ဥပဒေဘောင်အတွင်းကို ဝင်ရောက်လာပြီးတဲ့အချိန်မှာ စပြီးတော့ ကျွန်တော့်သူငယ်ချင်းတွေအားလုံး စရောက်ကတည်းက လွတ်လွတ်လပ်လပ်ထားတယ်။ လိုလေသေးမရှိအောင်ထားပေးတယ်။ အဆက်အသွယ်မရှိတဲ့ လူတွေအားလုံးကိုလည်း မိဘတွေနဲ့အဆက်အသွယ်ရအောင်လို့ ဝိုင်းဝန်းကူညီပေးကြတယ်။ စားနပ်ရိက္ခာထောက်ပံ့တာကတော့ AA က ထောက်ပံ့ပါတယ်။ ကျွန်တော်ဆိုရင် ရှေ့တန်းစစ်မြေပြင် ရောက်လာတဲ့အချိန်မှာ ကြုံသလိုစားရတယ်။ တချို့အန္တရာယ်တော်တော်များတဲ့ ရက်တွေမှာလည်း အချိန်ကုန်သွားတော့မစားရတဲ့ ရက်တွေလည်းရှိပါတယ်။ ကျွန်တော်တို့ ကျန်တဲ့သူငယ်ချင်းတွေ အားလုံးကိုလည်း အချိတ်အဆက်လုပ်ဖို့လည်းရှိပါတယ်။ သူတို့လည်း ပထမတုန်းက ကျွန်တော်နဲ့အတူတူ ထွက်လာဖို့ပဲ။ ဒါပေမယ့်အခက်အခဲတွေကအများကြီးရှိတယ်။ CAMPAIGN လုပ်တာတွေ ဘာတွေကျတော့ ဝင်ပြီးကူညီပေးရတယ်။ အထက်ပိုင်းကလူတွေပဲ စီစဉ်ကြတယ်။ ကျွန်တော်တို့ဆီမှာ အောက်ခြေရဲဘော် တွေက အဲဒီအကြောင်းတွေကို ဘာမှ မသိရဘူး။

၂။ FIRE DRAGON တပ်ဖွဲ့မှာ ပါဝင် ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် ၉ လပိုင်းလောက်က ရောက်တာပါ။ ကျောင်းမတက်နဲ့ ဘာမှမဖြစ်ဘူး။ သူတို့မြှူဆွယ်တာပေါ့။ သင်တန်းတက်ခဲ့ရတဲ့ကာလ အခြေအနေကတော့ ၉ လပိုင်းလောက်က တက်ခဲ့ရတာပေါ့။ ခက်ခဲကြမ်းတမ်းခဲ့တာပေါ့။ ကျဆုံးမှုကတော့ ပွဲတိုင်းလိုလို ရှိပါတယ်။ ကျဆုံးသွားတဲ့ ရဲဘော်တစ်ယောက်ကို အချိန်မပေးဘူး။ ဖြစ်သလိုပဲသင်္ဂြိုဟ်လိုက်တယ်။ ခါးသီးတဲ့ အမှတ်တရတွေကတော့အများကြီးပါ။ အထက်အောက်ငယ်သား တအားဖိတယ်။ ဖိနှိပ်မှုတအားများတယ်။ သူ့တို့စိတ်နဲ့ ကိုယ့်ကိုယ်ဖြစ်နေတဲ့ ပုံစံဖြစ်နေတာပေါ့။ ကိုယ့်စိတ်ကို မပိုင်ဘူး။ ကိုယ့်ကိုယ်ကိုယ် မပိုင်ဘူး။ အဲဒီလိုဖြစ်နေတဲ့ပုံစံပေါ့။ မနေချင်တော့ဘူး။ ပထမတစ်ခေါက် ကြိုးပမ်းခဲ့သေးတယ်။ မအောင်မြင်ဘူး။ ထပ်စဉ်းစားပြီးတော့ တပ်မတော်နဲ့ ချိတ်ဆက်မှုရပြီး ဝင်ခဲ့တာပါ။ ကျွန်တော်နဲ့အတူ နှစ်ဦးပါတယ်။ အမျိုးသမီး ကိုယ်ဝန်ဆောင်တစ်ယောက်နဲ့ သုံးဦးပေါ့။ ကျွန်တော်ဆိုရင် တစ်လလောက်အိပ်ရာ ထဲမှာပဲလဲနေတာ။ လမ်းကောင်းကောင်း မလျှောက်နိုင်ဘူး။ ပထမတစ်ခေါက်မိသွားတော့ ကျွန်တော့်ကို ထုထောင်းရိုက်နှက်တာတွေ လုပ်တယ်။ တစ်လ လောက် ဆေးခန်းမှာ ဆေးကုလိုက်ရ တယ်။ တစ်လလောက် လမ်းမလျှောက် နိုင်ဘူး။ ကျွန်တော်လမ်းလျှောက်နိုင်တဲ့ အချိန်ရောက်တော့ ကျွန်တော့်မိသားစုနဲ့ ဆက်သွယ်တယ်။ ကျွန်တော့်အမျိုးသမီးနဲ့ ဆက်သွယ်ပြီးတော့ ဖုန်းလေးတစ်လုံးလောက် ကျွန်တော်ခိုးပြီးတော့ ယူထားတယ်။ အဲဒီကနေမှ တပ်မတော်နဲ့ ချိတ်ဆက်လို့ရအောင် ကျွန်တော့်အမျိုး သမီးကိုပို့ခိုင်းတယ်။ ကျွန်တော့်အမျိုး သမီးကနေမှတစ်ဆင့် တပ်မတော်နဲ့ ချိတ်ဆက်ပေးတယ်။ ချိတ်ဆက်ပြီးတော့ အဲဒီကမှတစ်ဆင့် ကျွန်တော်တို့ရဲဘော်သုံးယောက်တိုင်ပင်ပြီးတော့ လာခဲ့တာပါ။ အဖွဲ့ဝင်နာမည်တွေသုံးတယ်။ ပြီးတော့ အဖွဲ့အစည်းအပေါ်အသုံးချပြီးတော့ ကိုယ်ကျိုးအတွက်အသုံးချတယ်။ သူတို့ ကြောင့်ဆိုပြီးတော့ တော်တော်များများ အိမ်တွေပျက်စီးတာတွေရှိတော့ ပြည်သူတွေကနေ ငြိုငြင်လာတာတွေ အများဆုံးတွေ့နေရတာပေါ့။ အတတ်နိုင်ဆုံး ကျန်နေခဲ့တဲ့ ကျွန်တော့်ရဲ့ ညီလေးတွေ၊ အစ်ကိုတွေပေါ့။ ကျွန်တော် ပြန်ပြီးတော့ ရအောင် ပြန်ဆွဲထုတ်ပေးမယ်။ ကျွန်တော် လည်း ပထမတုန်းက တွေဝေနေတာပဲ။ ပြတ်ပြတ်သားသား ဆုံးဖြတ်သင့်တယ်။ အလင်းဝင်လာတယ်ဆိုတာတော့ အခုလိုမျိုး နွေးနွေးထွေးထွေး ကြိုဆိုတဲ့အတွက်လည်း တော်တော်လည်း ကျေးဇူးတင်ပါတယ်။ ပထမကတော့ ဒီလိုမျိုးမထင်ခဲ့ဘူး။ သူတို့ရဲ့ ဝါဒမှိုင်းတွေကြောင့် အလင်းဝင်တဲ့သူတွေ၊ ဒီလိုထွက်ပြေးလာတဲ့ သူတွေကို တပ်မတော်ဘက်ကမိရင် သတ်ဖြတ်တာတွေ၊ ရိုက်နှက်တာတွေ၊ ထုထောင်းတာတွေ၊ မေးမြန်းပြီးတော့ သတ်ဖြတ်တယ်ဆိုပြီး သူတို့ကအဲဒီလို မှိုင်းတွေ တိုက်ထားတော့ ကျွန်တော်တို့ အခုပြေးမယ့်လူငယ်တွေ၊ အလင်းဝင်မယ့် လူငယ်တွေ၊ ထွက်ချင်တဲ့ လူငယ်တွေကျတော့ အဲဒါတွေကို ကြောက်ပြီးတော့သူတို့ မလာရဲကြဘူး။ အဓိကကတော့ မကြောက်ပါနဲ့လို့ပြောတာ။ ဒီဘက်မှာ လက်နက်ပါပါမပါပါ နွေးနွေးထွေးထွေးဆက်ဆံပါတယ်။ အကောင်းဆုံးကတော့ ဘယ်လိုပဲဖြစ်ဖြစ် တပ်မတော်ကို ကိုယ့်ရဲ့ကိုင်ဆောင်ထားတဲ့လက်နက်တွေကို ပြန်အပ်နှံတာ အကောင်းဆုံးပါပဲ။

သတင်းစဉ်