နေပြည်တော် ဧပြီ ၃၀
ယနေ့သည် ဂေါတမဘုရားအလောင်းတော် သုမေဓာရှင်ရသေ့ဘဝတွင် နိယတဗျာဒိတ်ခံယူသည့်နေ့၊ ဂေါတမဘုရားအလောင်းတော် ဖွားမြင်သည့်နေ့၊ ဂေါတမဘုရားအလောင်းတော် ဘုရားဖြစ်သည့်နေ့၊ ဂေါတမဘုရားရှင် ပရိနိဗ္ဗာန်စံဝင်သည့်နေ့ ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့) ဖြစ်သည်နှင့် အညီ ဗုဒ္ဓဘာသာဝင်ပြည်သူများအနေဖြင့် နိုင်ငံတစ်ဝန်း၌ ပရိဘောဂစေတီထိုက်သည့် ဗောဓိ ညောင်ပင်များအား ညောင်ရေသွန်းလောင်းပူဇော်ခြင်း၊ ဥပုသ်သီလဆောက်တည်ခြင်း၊ တရား ဘာဝနာပွားများခြင်း၊ ဆွမ်းဆန်တော်နှင့် လှူဖွယ်များလောင်းလှူခြင်း၊ စတုဒိသာ ကျွေးမွေးခြင်းစသည့် ကုသိုလ်ကောင်းမှုများကို ပြုလုပ်ကြသည်။
ပြည်ထောင်စုနယ်မြေ နေပြည် တော် ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားဆင်းတုတော်များအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးတွင် ယနေ့ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများ၊ ကုသိုလ်ကောင်းမှုပြုကြသူများဖြင့် အထူးစည်ကား ခဲ့သည်။
နံနက်ပိုင်းမှစတင်ကာ အနယ်နယ်အရပ်ရပ်မှ ဗုဒ္ဓဘာသာဝင် ဘုရားဖူးပြည်သူများသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကာ ရုပ်ပွားတော်မြတ်ကြီး ပရိဝုဏ်အတွင်းရှိ ဗောဓိညောင်ပင်များကို ညောင်ရေသွန်းလောင်းပူဇော်ကြပြီး ဥပုသ်သီလဆောက်တည်ခြင်း၊ တရားဘာဝနာပွားများခြင်း၊ ဒါနကုသိုလ်ပြုခြင်းများ ဆောင်ရွက်ကြသည်။
ထို့ပြင် ဘုရားဖူးလာပြည်သူများသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးရှိ ဂန္ဓကုဋိတိုက်များ၊ ဗုဒ္ဓဥယျာဉ်တော်အတွင်း မာရဝိဇယကျောင်းတော်နှင့် သာသနာရေးဆိုင်ရာ အခမ်းအနားများ ကျင်းပရာ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၊ ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ကျောက်စာတော်များ ထွင်းထုထည့်သွင်း တည်ဆောက်ထားသည့် ကျောက်စာရုံစေတီ တော် အဆူ ၇၂၀ တို့ကိုလည်း စိတ်ဝင်စားစွာ ဖူးမြော်လေ့လာကြည်ညိုကြသည်။
ထို့အတူ ပိဋကတ်တော်လာအဆိုများနှင့် မဟာဗုဒ္ဓဝင်ကျမ်းဂန်တော်များနှင့်အညီ ပြည့်စုံစွာတည်ထားသည့် မုစလိန္ဒကန်နှင့် နဂါးရုံဘုရားတို့ကိုလည်း ကြည်ညိုစွာ ဖူးမြော်ကြသည်။
ညနေပိုင်းတွင် ဗျာဒိတ်တော်ခံယူတော်မူခြင်း၊ ဖွားမြင်တော်မူခြင်း၊ ဘုရားပွင့်တော်မူခြင်းနှင့် ပရိနိဗ္ဗာန်စံတော်မူခြင်းစသည့် သရုပ်ပြယာဉ်များဖြင့် ဝန်ကြီးဌာနများမှ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများသည် တပေါင်းကွင်းစုရပ်မှ စတင်ထွက်ခွာ၍ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည် ပူဇော်ကြသည်။
ထို့နောက် မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်သို့ ဆက်လက်ထွက်ခွာပြီး မာရဝိဇယဗုဒ္ဓဥယျာဉ် တော်အတွင်း ရပ်နား၍ ဘုရားဖူးပြည်သူများ ဖူးမြော်ကြည်ညိုနိုင်ရန် အပူဇော်ခံထားရှိကာ ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများသည် ဆီမီးတိုင်များ ကိုင်ဆောင်ကာ ရုပ်ပွားမြတ်ကြီးအား လှည့်လည် ပူဇော်ကြသည်။
ထို့အတူ နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ ဗုဒ္ဓဂါယာ (နေပြည်တော်)၊ မဟာသကျရံသီ ရပ်တော်မူရုပ်ရှင်တော်မြတ်ကြီး၊ ရန်အောင်မြင် ရွှေလက်လှစေတီတော်၊ ဓါတုစယ ဓာတ်ပေါင်းစုစေတီတော်၊ ရန်အောင်ချမ်းသာဘုရား၊ လှေခွင်းတောင်တန်ခိုးကြီးဘုရား၊ ကိုးနဝင်း စေတီတော်၊ ဆုတောင်းပြည့် လောကမာရဇိန်စေတီတော်၊ သံသရာငြိမ်းအေးစေတီတော်၊ ဘုရားကိုးဆူ၊ ကိုးခန်းကြီးဘုရား၊ လောကရန်နှိမ်စေတီ၊ လက်လုပ်တောင်စေတီ၊ ကိုးနဝင်းစေတီ၊ မြို့ပေါ်ရပ်ကွက်များရှိ စေတီပုထိုးများနှင့် ကျောင်းကန်ဇရပ်များတွင် ယနေ့နံနက်ပိုင်းမှစတင်၍ ကုသိုလ်ဘာဝနာပွားများကြသည့် ဘုရားဖူးလာပြည်သူများဖြင့် စည်ကားခဲ့သည်။
ကဆုန်လပြည်နေ့တွင် ဘုရားဖူးလာရောက်ကြသူများကို ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် ကူညီစောင့်ရှောက်ပေးလျက်ရှိပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကလည်း ဘုရားဖူးပြည်သူများ စိတ်အေးချမ်းစွာ ကုသိုလ်ပြုနိုင်ရန် လုံခြုံရေးဆောင်ရွက်ပေးနေသည်ကို တွေ့ရသည်။
သတင်းစဉ်
