Skip to main content

အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း ဆရာ ဆရာမများအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေး အထူးပြုဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုစွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်

နေပြည်တော် ဧပြီ ၂၇

အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများတွင် Grade-10 ၊ Grade-11 ၊ Grade-12 သင်ကြားရေးတာဝန်ယူကြမည့် ဆရာ ဆရာမများအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးအထူးပြုဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုစွမ်းရည်မြှင့်တင်ရေးသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၌ ကျင်းပသည်။

မွေးထုတ်ပေးနိုင်မည်

အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က စိုက်ပျိုးမွေးမြူရေးနှင့် ပတ်သက်၍ လူသားအရင်းအမြစ်များ ရရှိစေရေးအတွက် အခြေခံပညာအလယ်တန်းအဆင့် (Grade - 6 ၊ 7 ၊ 8 ၊ 9) အတန်းများကပင် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဘာသာရပ်ဆိုင်ရာ အခြေခံဗဟုသုတများ ရရှိလာစေရန် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်အရ သင်ကြားပို့ချပေးနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း၊ ရရှိလာသည့် ပညာရပ်ဆိုင်ရာဗဟုသုတများအပေါ်မူတည်၍ ရွေးချယ်လာသော စိုက်ပျိုးရေး၊ မွေးမြူရေးဘာသာရပ်များကို Grade-10 ၊ Grade-11 ၊ Grade-12 အဆင့်တွင် ဆက်လက်သင်ယူပြီး သက်ဆိုင်ရာစိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်တို့တွင် တက်ရောက်သင်ယူကာ နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်မည်ဖြစ်ပါကြောင်း။

စိုက်ပျိုးမွေးမြူရေး ထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအရေးပါသော လူ့စွမ်းအားအရင်းအမြစ်များကို သင်ကြားလေ့ကျင့်မွေးထုတ်ပေးကြမည့် ဆရာ ဆရာမများ အနေဖြင့် မိမိတို့၏တပည့်များ ထူးချွန်ထက်မြက်ရေးအတွက် စေတနာ၊ ဝါသနာ၊ အနစ်နာဟူသည့် နာသုံးနာကို အခြေခံထားပြီး ဆရာစိတ်ဓာတ်မွေးမြူကာ မိမိတို့တတ်မြောက်ထားသည့် အတတ်ပညာ၊ လေ့လာခဲ့သော အတွေ့အကြုံဗဟုသုတများကို အခြေခံပြီး တပည့်ကျောင်းသား ကျောင်းသူများကို အကောင်းဆုံးလေ့ကျင့်ပြုစုပျိုးထောင်းပေးနိုင်ရန် ကြိုးပမ်းကြစေလိုကြောင်း ပြောကြားသည်။

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ဖွင့်လှစ်သည့် ယခုသင်တန်းသည် စတုတ္ထအကြိမ်မြောက် ဖွင့်လှစ်ခြင်းဖြစ်ပြီး ဖွင့်ပွဲသို့ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထူးပြုဘာသာရပ်ဆိုင်ရာကျွမ်းကျင်မှု စွမ်းရည်မြှင့်တင်ရေး သင်တန်းသား သင်တန်းသူ ၃၈၁ ဦးတို့ တက်ရောက်ကြသည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် တပ်ကုန်းမြို့နယ် သရက်ကွင်းကျေးရွာအနီး၌ အသစ်တည်ဆောက်လျက်ရှိသည့် ဆင်သေရေလွှဲဆည် တည်ဆောက်ရေးစီမံကိန်းကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ၂၀၂၇ ခုနှစ် မိုးရာသီအမီလုပ်ငန်းများ ပြီးစီးရေး၊ ပုံစံ (၇) ရှိပြီး လယ်မြေများအတွက် လယ်မြေများ စနစ်တကျဖော်ထုတ်ပေးခြင်းကို အုပ်ချုပ်ရေးအဖွဲ့များနှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။

ထို့နောက် စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ (ပျဉ်းမနား) ရှိ မျိုးစေ့စမ်းသပ်စိုက်ပျိုးကွင်း၌ ရွှေတောင်-၁၀ နှင့် RAKA 666 ဝါမျိုးနှစ်မျိုး စပ်းသပ်စိုက်ပျိုးထားမှုကို ကွင်းဆင်းစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက အကြိမ်ကြိမ်ဝါဆွတ်ဝါကောက်ခြင်းနှင့် တစ်ကြိမ်တည်းအပြီး ဝါကောက်သိမ်းခြင်းတွင် ဝါအထွက်နှုန်းနှင့် အကျိုးအမြတ်တူနိုင်သော်လည်း ဝါစိုက်ပျိုးဆွတ်ခူးချိန်ကာလတိုခြင်း၊ တစ်ဧကအထွက်နှုန်းကို တစ်ကြိမ်တည်းဖြင့် အမှန်ရရှိစေနိုင်ခြင်း၊ လုပ်သားရှားပါးမှုအခက်အခဲကို တောင်သူများ ကျော်လွှားနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်