Skip to main content

နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လာသည့် KIA ၊ AA ၊ PLA အကြမ်းဖက်အဖွဲ့များမှ အဖွဲ့ဝင်အချို့အပါအဝင် PDF အမည်ခံ အကြမ်းဖက်အဖွဲ့အစည်းအသီးသီးမှ အဖွဲ့ဝင် အမျိုးသား ၄၇၀ ဦးနှင့် အမျိုးသမီး ၄၇ ဦး၊ ပေါင်း ၅၁၇ ဦး လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်၊ မိဘအုပ်ထိန်းသူများထံ စနစ်တကျ လွှဲပြောင်းအပ်နှံ

နေပြည်တော် ဧပြီ ၂၄

နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးမှုများကြောင့် PDF အမည်ခံအဖွဲ့ဝင်များသည် ဥပဒေဘောင်အတွင်းသို့ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ပြန်လည်ဝင်ရောက်လျက်ရှိသည်။ ထို့အတူ တပ်မတော်စစ်ကြောင်းများက တိုင်းဒေသကြီး/ပြည်နယ်များရှိ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့အစည်းများနှင့် PDF အမည်ခံ ပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသည့်နေရာများအား တစ်ခုပြီးတစ်ခု ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ခြင်းများကြောင့် ပြည်သူများအနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် သက်စွန့်ဆံဖျားတာဝန်ထမ်းဆောင်နေကြသည့် တပ်မတော်သားများကို ဝမ်းသာအားရကြိုဆိုထောက်ခံလျက်ရှိကြပြီး စိတ်အားထက်သန်စွာ အားပေးထောက်ခံမှု၊ ယုံကြည်အားကိုးမှု၊ တပ်မတော်နှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်လာခဲ့မှုများကြောင့် အကြမ်းဖက်အဖွဲ့ဝင်များအနေဖြင့် စိတ်ဓာတ်ကျဆင်းကာ ဆက်လက်ခုခံလိုခြင်းမရှိတော့သည့်အတွက် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်၍ အမြင်မှန်ရရှိကာ အေးချမ်းစွာနေထိုင်လိုကြသည့် PDF အမည်ခံအဖွဲ့ဝင်များသည် နီးစပ်ရာတပ်စခန်းများရှိ တာဝန်ရှိသူများထံ သတင်းပို့၍ ဥပဒေဘောင်အတွင်းသို့ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ပြန်လည်ဝင်ရောက်လျက်ရှိရာ သက်ဆိုင်ရာနယ်မြေများအလိုက် တာဝန်ရှိသူများက အသီးသီးကြိုဆိုလက်ခံခဲ့ကြသည်။

အဆိုပါ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံခြင်းကို ယနေ့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဌေးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများ၊ ၎င်းတို့၏ မိဘအုပ်ထိန်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး၀န်ကြီးချုပ်က အမှာစကားပြောကြားပြီး တိုင်းမှူးက တရားဥပဒေပုဒ်မများနှင့်ပက်သက်၍ အသိပညာပေးစကားများ ရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူ ပါရှိလာသည့် လက်နက်မျိုးစုံ ၃၁ လက်နှင့် လက်ပစ်ဗုံး/ ဗုံးသီး ၄၈ လုံး၊ စကားပြောစက် ၁ လုံး၊ ကျည်အိမ်မျိုးစုံ ၃၅ ခု၊ ကျည်မျိုးစုံ ၁၂၉၈ တောင့်၊ မိုင်းမျိုးစုံ ၃ လုံးတို့အား လွှဲပြောင်းအပ်နှံရာ တိုင်းမှူးက လက်ခံရယူသည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က မောင်းပြန်ရိုင်ဖယ်သေနတ်တစ်လက်အတွက် ဆုကြေးငွေ ကျပ်သိန်း ၅၀ နှုန်း၊ လက်လုပ်သေနတ် တစ်လက်နှုန်းအတွက် ဆုကြေးငွေကျပ် ၅ သိန်းနှုန်း၊ လက်ပစ်ဗုံး/ ဗုံးသီးတစ်လုံးစီအတွက် ဆုကြေး ငွေကျပ် ၃ သိန်းနှုန်း၊ စကားပြောစက်တစ်လုံးအတွက် ဆုကြေးငွေကျပ် ၂ သိန်းနှုန်းနှင့် အလင်းဝင်ရောက်လာသူများအား တစ်ဦးလျှင် ငွေကျပ် ၁ သိန်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် ၁၇၁၂ သိန်းကျပ်နှင့် ထောက်ပံ့ပစ္စည်းများကို ပေးအပ်သည်။ ယင်းနောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများအား ခံဝန်ကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ စနစ်တကျ ပြန်လည်လွှဲပြောင်းအပ်နှံပေးခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများမှ အပ်နှံထားသော လက်နက်ခဲယမ်းများအား ကြည့်ရှုစစ်ဆေးပြီး တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကာ စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

ယနေ့အခမ်းအနားတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လျက် ဒေသတည်ငြိမ်အေးချမ်းရေးကို အမှန်တကယ်လိုလားကြသည့် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံခဲ့မှုအနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်မှ အမျိုးသား (၅၈) ဦး၊ အမျိုးသမီး (၅) ဦး၊ ချမ်းအေးသာစံမြို့နယ်မှ အမျိုးသား (၄) ဦး၊ ချမ်းမြသာစည်မြို့နယ်မှ အမျိုးသား (၂) ဦး၊ ပြည်ကြီးတံခွန်မြို့နယ်မှ အမျိုးသား (၁) ဦး၊ အမရပူရမြို့နယ်မှ အမျိုးသား (၈) ဦး၊ အမျိုးသမီး (၃) ဦး၊ ပုသိမ်ကြီးမြို့နယ်မှ အမျိုးသား (၄) ဦး၊ အမျိုးသမီး (၁) ဦး၊ ကျောက်ဆည်မြို့နယ်မှ အမျိုးသား (၁၁) ဦး၊ အမျိုးသမီး (၃) ဦး၊ မြစ်သားမြို့နယ်မှ အမျိုးသား (၁) ဦး၊ တံတားဦးမြို့နယ်မှ အမျိုးသား (၁) ဦး၊ ပြင်ဦးလွင်မြို့နယ်မှ အမျိုးသား (၂) ဦး၊ နောင်ချိုမြို့နယ်မှ အမျိုးသား (၄) ဦး၊ မတ္တရာမြို့နယ်မှ အမျိုးသား (၁၁၈) ဦး၊ အမျိုးသမီး (၉) ဦး၊ သပိတ်ကျင်းမြို့နယ်မှ အမျိုးသား (၁၄) ဦး၊ အမျိုးသမီး (၁) ဦး၊ စဉ့်ကူးမြို့နယ်မှ အမျိုးသား (၁၃၈) ဦး၊ အမျိုးသမီး (၁၅) ဦး၊ မိုးကုတ်မြို့နယ်မှ အမျိုးသား (၂၂) ဦး၊ အမျိုးသမီး (၄) ဦး၊ မိုးမိတ်မြို့နယ်မှ အမျိုးသား (၁၃) ဦး၊ ကျောက်ပန်းတောင်းမြို့နယ်မှ အမျိုးသား (၄) ဦး၊ မြင်းခြံမြို့နယ်မှ အမျိုးသား (၉) ဦး၊ အမျိုးသမီး (၄) ဦး၊ ညောင်ဦးမြို့နယ်မှ အမျိုးသား (၁၆) ဦး၊ အမျိုးသမီး (၁) ဦး၊ ချောက်မြို့နယ်မှ အမျိုးသား (၃) ဦး၊ ဆိပ်ဖြူမြို့နယ်မှ အမျိုးသား (၁) ဦး၊ မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်မှ အမျိုးသား (၈) ဦး၊ စလင်းမြို့နယ်မှ အမျိုးသား (၃) ဦး၊ အမျိုးသမီး (၁) ဦး၊ မင်းလှမြို့နယ်မှ အမျိုးသား (၂) ဦး၊ မင်းတုန်းမြို့နယ်မှ အမျိုးသား (၈) ဦး၊ ပခုက္ကူမြို့နယ်မှ အမျိုးသား (၁၄) ဦး၊ ရေနံချောင်းမြို့နယ်မှ အမျိုးသား (၁) ဦး၊ စုစုပေါင်း အမျိုးသား ၄၇၀ ဦးနှင့် အမျိုးသမီး ၄၇ ဦး ပေါင်း ၅၁၇ ဦးဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ဥပဒေဘောင်အတွင်းသို့ဝင်ရောက်လာကြသည့် PDF အမည်ခံအဖွဲ့ဝင်အများစုသည် မိသားစုဝင်ဆွေမျိုးများအား ခြိမ်းခြောက်အကျပ်ကိုင်၍ အတင်းအဓမ္မ စုဆောင်းခံကြရသူများဖြစ်ပြီး အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင် အထက်အောက် အဆင့်အတန်းခွဲခြား၍ အချင်းချင်းဗိုလ်ကျ နှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုကျူးလွန်ခြင်း၊ တပ်မတော်၏ တိုက်စစ်ကို ခုခံနိုင်မှုမရှိတော့ဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့အပြင် နိုင်ငံတော်နှင့်တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဥပဒေဘောင်အတွင်းငြိမ်းချမ်းစွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့်ပြည်သူလူထုအတွက် ပြန်လည်အကျိုးပြုလိုခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျ ပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်း သိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများအတွက် ဆုကြေးငွေများ ထိုက်တန်စွာ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများ၏ ရင်တွင်းစကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်-

၁။ MDY-PDF တွေ ကျွန်တော်တို့ သပိတ်ကျင်းမြို့နယ်ထဲ ဝင်ရောက်လာတဲ့အခါမှာ တစ်အိမ် တစ်ယောက်အနေနဲ့ မဖြစ်မနေဝင်ရမဲ့စနစ်လို့ သူတို့ပြောတယ်။ ပြောတဲ့အခါမှာ ကျွန်တော်တို့ တကယ်လို့မဝင်ရင် မိသားစုတွေကို အန္တရာယ်ပေးမယ်၊ ဒုက္ခပေးမယ်ဆိုလို့ ကျွန်တော်တို့ဝင်ခဲ့ ရပါတယ်။ ရောက်တဲ့အချိန်မှာ သင်တန်းကာလမှာ ကျွန်တော်တို့ကို ငှက်ပျောတောဆိုတဲ့နေရာ ကိုပို့ပါတယ်။ ငှက်ပျောတောကနေပြီးတော့ သတ္တုတွင်းဆိုတဲ့နေရာကို ပို့ပါတယ်။ သတ္တုတွင်း ကနေပြီးတော့ ရှမ်း (မြောက်) ကို ရောက်ပါတယ်။ ကျွန်တော်တို့ရတဲ့ ပိုက်ဆံတွေကိုလည်း အထက် အရာရှိကို ပြန်ပေးဆောင်ရတာဖြစ်ပါတယ်။ ဒါပေမယ့် သူတို့က ပြည်သူတွေအတွက် သုံးတာ မတွေ့ရပါဘူး။ သူတို့ ကိုယ်ကျိုးကောင်းစားဖို့အတွက်ပဲ သုံးတာတွေကို ကျွန်တော်တို့ တွေ့ရှိခဲ့ပါ တယ်။ တချို့ ညီငယ် ညီမငယ်တွေကိုလည်း ရောင်းစားတာတွေလည်းရှိတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ အဲ့ဒီစနစ်ကို မကြိုက်လို့ အဲ့ဒီမှာလည်း မနေချင်လို့ ထွက်ပြေးခဲ့တာလည်း ဖြစ်ပါတယ်။ အဖွဲ့အစည်းကနေ ထွက်ပြေးလာတဲ့အချိန်မှာ အခုတပ်မတော်ထံမှာ အလင်းလာဝင် တာပဲဖြစ်ပါတယ်။ တပ်မတော်ထံမှာ အလင်းလာဝင်တဲ့အချိန်မှာလည်း တပ်မတော်က နွေးနွေး ထွေးထွေးကြိုဆိုပါတယ်။ နေရေး၊ ထိုင်ရေး၊ စားရေး၊ သောက်ရေး အားလုံးအဆင်ပြေအောင် လုပ်ပေး ပါတယ်။ ညီအစ်ကိုလိုပဲ အားလုံးကို ဆက်ဆံပါတယ်။ အဖွဲ့ထဲမှာ ကျန်ခဲ့တဲ့ ညီအစ်ကိုမောင်နှမတွေ သူငယ်ချင်းတွေလည်း တပ်မတော်ထံမှာ အလင်းလာဝင်ဖို့ ဖိတ်ခေါ်ပါတယ်။

၂။  အဖွဲ့အစည်းထဲရောက်သွားရတာကတော့ အိမ်နဲ့အဆင်မပြေတာနဲ့ သူငယ်ချင်းတွေဆီသွားရင်းနဲ့ သူငယ်ချင်းတွေက သူတို့နဲ့လိုက်ခဲ့ ဟိုမှာ လုပ်ငန်းအဆင်ပြေတယ်ပေါ့။ အစစအရာရာ အဆင်ပြေတယ်ဆိုပြီး ခေါ်သွားတယ်။ ဟိုမှာ အကြမ်းဖက်တွေဆီ ရောက်သွားတယ်။ အဲဒီလိုမျိုး ခေါ်သွားမယ်လို့လည်း မသိဘူး။ လုပ်ငန်းကောင်းတယ်ဆိုပြီး ခေါ်သွားပြီး အကြမ်းဖက်ထဲမှာပဲ နေခိုင်းတယ်။ နေခိုင်းပြီးတော့ မနေရင် နင်တို့ကို တစ်ခုခုလုပ်မှာ၊ ငါတို့ ပွိုင့်နေရာတွေသိသွားပြီ ဆိုတော့ ကျွန်တော်တို့ကို မပြန်ခိုင်းဘူး။ မပြန်ခိုင်းဘဲနဲ့ သင်တန်း တစ်လလောက် ပေးတယ်။ သင်တန်းမှာလည်း ထမင်းနပ်မှန်အောင် မစားခဲ့ရဘူး။ သင်တန်းပြီးတော့ ရွှေဘိုမှာ တာဝန်ကျတယ်။ ကျွန်မတို့ကို နောက်တန်းမှာထားတယ်။ ရှေ့တန်းက ထိခိုက်ဒဏ်ရာရသူတွေနဲ့ ထားတယ်။ ထိခိုက်ဒဏ်ရာရသူတွေကို ထမင်းချက်ကျွေးရတယ်။ သူတို့ရဲ့ဝေယျာဝစ္စတွေ လုပ်ခဲ့ရတယ်။ ပြည်သူတွေဆီက လက်နက် ခဲယမ်းဖိုး တစ်နေ့ကို သိန်း ၂၀၀ လောက်ကောက်တယ်။ အလှူ ငွေရတယ်။ ဘာလုပ်လဲဆိုတော့ သူတို့ကောင်းစားဖို့၊ သူတို့မိသားစုအတွက်ပဲ လုံးပန်းတယ်။ နောက်တန်းက ရဲဘော်တွေကို တစ်ယောက်မှ လှည့်မကြည့်ခဲ့ဘူး။ ကျွန်တော်တို့ဆို ထမင်းငတ်တဲ့ နေ့တွေလည်းရှိတယ်။ ထမင်းပုံမှန်မစားခဲ့ရဘူး။ ရှေ့တန်းက ထိလာတဲ့ ရဲဘော်တွေလည်း အများကြီးပဲ။ သူတို့ဆိုလည်း ကျန်းမာရေးမကောင်းရင်တောင်မှ သူတို့ဘာသာသူတို့ ပေတေနေ ခဲ့ရသူတွေလည်းရှိတယ်။ ဒါပေမယ့် သူတို့က လုံးဝ (လုံးဝ) လှည့်မကြည့်ခဲ့ဘူး။ သူတို့ကျတော့ ကားအကောင်းစားကြီးတွေ စီးတယ်။ သူတို့ မိသားစုတွေနဲ့ သွားလာပျော်ပါးတယ်။ အဲဒီလိုတွေ ရှိတယ်။ ကျွန်တော်တို့ဖြစ်ချင်တဲ့ ဆန္ဒလည်းမမေးဘူး။ အခွင့်အရေးဆိုတာလည်း မရှိခဲ့ဘူး။ မိဘက အဆင်မပြေလို့ ထောက်ပံ့ချင်ရင်တောင်မှ သူတို့ကမပေးဘူး။ ထိခိုက်ဒဏ်ရာရနေသူတွေကို စောင့်ရှောက်ခိုင်းတယ်။ သူတို့ကိုယ်တိုင်လည်း လုပ်မပေးဘူး။ ပြီးရင်ဆေးဝါးတွေလည်း မပြည့်စုံဘူး။ ကျွန်တော်တို့နဲ့ပဲ ပစ်ထားတယ်။ သူတို့သွားချင်ရာသွား တယ်။ တစ်ခါတလေမှ ကျွန်တော် တို့ဆီလာတယ်။ လာပြီးတော့လည်း ဆူငေါက်သွားတယ်။ အာဏာတွေ သုံးပြီးတော့ မိန်းကလေး နှစ်ယောက်၊ ကျွန်တော်တို့ထဲကပဲ မိဘတွေကလည်း ကျန်းမာရေး ချို့တဲ့၊ အိမ်နဲ့လည်း မဆက်သွယ်ခိုင်းဘူး။ ဖုန်းတွေလည်း သိမ်းထားတယ်။ သူတို့ထွက်ပြေးတယ်။ ထွက်ပြေး တဲ့အချိန် သူတို့နှစ်ယောက် ပြန်မိလာတယ်။ မိလာတော့ ညှဉ်းပန်းနှိပ်စက်တယ်။ ကိုယ်ဝန် သည်ကိုလည်း ကိုယ်ဝန်သည်မို့ မညှာဘူး၊ ညှဉ်းပန်းနှိပ်စက်တယ်။ ညှဉ်းပန်းနှိပ်စက်ပြီးတော့ သူတို့ကို ထောင်ထဲထည့်တယ်။ ထောင်ထဲ ထည့်တော့လည်း၊ ထောင်ထဲမှာလည်း သူတို့မကျေမနပ်ချင်း သူတို့ကိုရိုက်တယ်။ အဲဒါ ကျွန်တော်ကလည်း သူတို့အကြမ်းဖက် နှိပ်စက်မှုတွေကို မခံနိုင်လို့ ကျွန်တော်လည်း ဒီဘက်ကို အလင်းဝင်လာတဲ့ သူငယ်ချင်းတွေနဲ့ ချိတ်ဆက်ပြီးတော့ တပ်မတော်မှာလာပြီး အလင်းဝင်ရောက်ခဲ့ပါတယ်။ ကျွန်တော့်လိုမျိုး အသက်မပြည့်သေးတဲ့ ညီငယ် ညီမငယ်တွေလည်း အဖွဲ့အစည်းထဲမှာ ကျန်နေပါသေးတယ်။ သူတို့လည်း ကျွန်တော်တို့လိုပဲ အလင်းဝင်ချင်ပါတယ်။ သူတို့လေးတွေ အလင်းဝင်နိုင်ဖို့အတွက် သက်ဆိုင်ရာ လူကြီးမင်း တွေကိုလည်း အကူအညီတောင်းချင်ပါတယ်။ ကျွန်တော်လည်း နောက်နောင် အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့ မပတ်သက်တော့ပါဘူးလို့ ကတိပေးပါတယ်။

၃။ ကျွန်တော်တို့ အဲဒီအဖွဲ့အစည်းထဲရောက်သွားတဲ့အကြောင်းရင်းကတော့ ကျွန်တော်တို့မြို့ကို သိမ်းပြီးတော့ ကျွန်တော်တို့ကို TNLA ကနေပြီးတော့ စစ်မှုထမ်းခေါ်တယ်။ စစ်မှုထမ်းခေါ်တဲ့အချိန်ကျတော့ မဖြစ်မနေစစ်မှုထမ်းရမယ်။ အဲဒီလိုပြောတဲ့အချိန်မှာ ကျွန်တော်တို့ကလည်း ရှင်းရှင်းပြောရရင် စစ်မှုမထမ်းချင်ဘူး။ အဲဒီအချိန်မှာ ကျွန်တော်တို့ကို ပကဖအဖွဲ့အစည်းကနေပြီးတော့ ဒီအဖွဲ့အစည်းထဲ ဝင်လာခဲ့ပါ။ ဒီအဖွဲ့အစည်းထဲ ဝင်ပြီးသွားရင် မင်းတို့ကို စစ်မှုလည်း မထမ်းခိုင်းတော့ဘူး။ မင်းတို့ ထွက်ချင်တဲ့အချိန် ပြန်ထွက်လို့ရတယ် ဆိုပြီးတော့ ကျွန်တော်တို့ကို အယုံသွင်းပြီး လိမ်ခေါ်လာခဲ့တယ်။ ကျွန်တော်တို့ ပြန်ထွက်မယ်ပြောတော့ သူတို့က ပေးလည်းမထွက်တော့ပါဘူး။ ထွက်ချင်ရင် တစ်ယောက် ၁၀ သိန်း ပေးရမယ်ဆိုပြီး ကျွန်တော်တို့ကို ပြောပါတယ်။ သင်တန်းကို သုံးလခွဲတက်ရပါတယ်။ သင်တန်းတက်တဲ့အချိန် တောထဲ တောင်ထဲမှာဆိုတော့ အနေဆင်းရဲတယ်။ စားတဲ့အခါကျတော့လည်း ထမင်းအသိုးတွေ နဲ့လည်း စားခဲ့ရတယ်။ လုံးဝ မစားရတဲ့ရက်တွေလည်းရှိတယ်။ ကျွန်တော်တို့ကိုကျတော့ အမြဲတမ်း အပြစ်မရှိ အပြစ်ရှာပြီးရိုက်တယ်။ ရိုက်ပြီး မိုက်မိုက်ရိုင်းရိုင်းလည်း ဆဲပါတယ်။ ကျွန်တော်တို့ သင်တန်း ဆင်းပြီးတော့ မိုးကုတ်မှာပဲ တာဝန် ထမ်းဆောင်ရတယ်။

ကျွန်တော်က အသက်မပြည့်သေးတဲ့အတွက် သူတို့က ရှေ့တန်းကို မထွက်ခိုင်းဘူး။ နောက်တန်းမှာပဲ သူတို့အတွက် အလှူခံပြီး ပိုက်ဆံ ရှာပေးရတယ်။ ပြည်သူတွေဆီက အလှူခံထားတဲ့ ငွေတွေကိုလည်း သူတို့တွေက အလွဲသုံးစားလုပ်တယ်။ အောက်က ရဲဘော်တွေကို မကြည့်ကြဘူး။ ပြီးရင် မူးယစ်ဆေးသုံးတဲ့သူတွေလည်းရှိတယ်။ ခေါင်းဆောင်ပိုင်းထဲက အဲဒီလိုမျိုး ပြည်သူတွေဆီက အလှူခံထားတဲ့ငွေကိုလည်း သူတို့အပျော်အတွက် သုံးကြတယ်။ ကျွန်တော်တို့ အဘွားအရွယ်လောက်ရှိတဲ့ အမေအိုကြီးကို သူတို့ယောက်ျားသားတွေ နှစ်ယောက် သုံးယောက်လောက်က ဘာမှမဟုတ်ဘဲနဲ့ သက်သေမခိုင်လုံတဲ့ကိစ္စတွေနဲ့ပတ်သက်လို့ သူတို့ချုပ်နှောင်တယ်။ ပြီးတော့ ဖိနပ်တွေနဲ့ ဝိုင်းရိုက်တာမျိုးတွေလည်းရှိတယ်။ ကျွန်တော်တို့လည်း သူတို့ရဲ့ ညှဉ်းပန်းနှိပ်စက်မှု တွေကြည့်ပြီး ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ ရှက်လာတယ်။ ပြီးတော့ ကျွန်တော်တို့ အလွန်မှားနေပြီထင်ပြီး ကျွန်တော်တို့ တပ်မတော်ထံ အလင်းဝင်လာတယ်။ အလင်းဝင်လာတဲ့ အခါမှာလည်း တပ်မတော်မှ တာဝန်ရှိသူတွေက ကျွန်တော်တို့ကို နွေးနွေးထွေးထွေးကြိုဆို တယ်။ လိုလေသေးမရှိအောင် ထားပါတယ်။

ပြီးတော့ မကြာခင်မှာ ကျွန်တော်တို့မိဘတွေနဲ့ ပြန်တွေ့ရတော့မှာပါ။ တောထဲမှာ ကျန်ခဲ့တဲ့ သူငယ်ချင်းတွေလည်း မိသားစုတွေနဲ့ ပြန်တွေ့ကြဖို့၊ တပ်မတော်ထံ အလင်းဝင်ကြဖို့ ကျွန်တော့်အနေနဲ့ ဖိတ်ခေါ်ပါတယ်။

သတင်းစဉ်