Skip to main content

အိန္ဒိယယဉ်ကျေးမှုဆိုင်ရာဆက်ဆံရေးကောင်စီ၏ (၇၇) နှစ်မြောက် တည်ထောင်သည့်နေ့ အထိမ်းအမှတ် ယဉ်ကျေးမှုဖျော်ဖြေပွဲကျင်းပ

ရန်ကုန် ဧပြီ ၉

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ကြီးမှူးကျင်းပသည့် အိန္ဒိယယဉ်ကျေးမှုဆိုင်ရာဆက်ဆံရေးကောင်စီ၏ (၇၇) နှစ်မြောက် တည်ထောင်သည့်နေ့ အထိမ်းအမှတ်ယဉ်ကျေးမှုဖျော်ဖြေပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ရန်ကင်းမြို့နယ် မိုးကောင်းလမ်းရှိ မြဝတီစင်တာ၌ ကျင်းပသည်။

ဦးစွာ အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန ဝန်ကြီး H.E. Shri Kirti Vardhan Singh၊ မြန်မာ အိန္ဒိယချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးဝင်းမြင့်၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E.Mr.Abhay Thakur ၊ မြန်မာ-အိန္ဒိယ အပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နိုင်နှင့် တာဝန်ရှိသူများက ဆီမီးများထွန်းညှိပူဇော်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဗဟိုကောင်စီဥက္ကဋ္ဌတို့က ပြည်ပရေးရာဝန်ကြီးဌာန ဝန်ကြီးနှင့် မြန်မာ–အိန္ဒိယ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌတို့ကို ပဝါများလွှမ်းခြုံပေးကြသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ဆွာမိဝိဝေကာနန္ဒ ယဉ်ကျေးမှုစင်တာ (SVCC) ဆရာ ဆရာမများနှင့် ကျောင်းသားတို့က အိန္ဒိယရိုးရာယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေကြသည်။

ယင်းနောက် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန ဝန်ကြီးက အမှာစကားပြောကြားပြီး ဆွာမိဝိ ဝေကာနန္ဒ ယဉ်ကျေးမှုစင်တာ (SVCC)မှ ဒါရိုက်တာက ကျေးဇူးတင်စကားပြောကြားသည်။

အိန္ဒိယယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံရေးကောင်စီ (ICCR) ကို ၁၉၅၀ ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့ပြီး နှစ်စဉ် ဧပြီ ၉ ရက်တွင် အိန္ဒိယယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံရေးကောင်စီ (ICCR)ကို တည်ထောင်သည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ကျင်းပလေ့ရှိသည်။

အိန္ဒိယယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံရေးကောင်စီ (ICCR) ကို အိန္ဒိယနိုင်ငံနှင့် ပြည်ပနိုင်ငံများအကြား ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံရေးနှင့် အပြန်အလှန်နားလည်မှုများခိုင်မာစေရန်၊ ကမ္ဘာတစ်ဝန်းတွင် ယဉ်ကျေးမှုဖလှယ်ခြင်းများကို မြှင့်တင်ဆောင်ရွက်ရန်ရည်ရွယ်၍ တည်ထောင်ခဲ့ခြင်းဖြစ်ရာ ၂၀၂၆ ခုနှစ်သည် ICCR ၏ (၇၇) နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်ကြောင်း သိရသည်။

 သတင်းစဉ်