Skip to main content

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲမှသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ (၁)

သိပ္ပံနှင့်နည်ပညာဝန်ကြီးဌာန

မြင့်စိုး (နတလ)

မိုခါကို အမှတ်ရမိသည်

ကျွန်တော်အမှတ်ရသလို အားလုံးကလည်း မှတ်မိကြဦးမည် ထင်ပါသည်။ အချိန်ကာလအနေဖြင့် တိတိကျကျပြောရလျှင်၂၀၂၃ခုနှစ် မေလ ၁၄ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ရခိုင်ပြည်နယ် စစ်တွေအပါအဝင် မြို့ရွာဒေသအတော်များများကို “မိုခါ မုန်တိုင်း ဝင်ရောက်တိုက်ခတ်သွားခဲ့သည်။

ရခိုင်ပြည်နယ် မြို့နယ် ၁၇ မြို့နယ်ရှိသည့်အနက် စစ်တွေ၊ ရသေ့တောင်၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦးဒေသများတွင် ထိခိုက်ပျက်စီးမှု များပြားခဲ့ပြီး ကျန်မြို့နယ်များက ကံကောင်းထောက်မစွာ ထိခိုက်ရှနာနည်းခဲ့သည်။

နိုင်ငံတော်အကြီးအကဲ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မေလ ၁၅ ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်တွေမြို့သို့ရောက်ရှိလာပြီး အရေးပေါ်စီမံခန့်ခွဲခြင်း၊ တုံ့ပြန်ခြင်း၊ ကယ်ဆယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိုယ်စီလုပ်ငန်းတာဝန်များပေးအပ်၍ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လမ်းညွှန်မှာကြားခဲ့သည်။ ထိုနည်းတူစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည်လည်း မေလ ၁၇ ရက် နေ့တွင် စစ်တွေမြို့သို့ရောက်ရှိပြီး ရခိုင်ပြည်နယ် မုန်တိုင်းဒဏ်သင့်ဒေသများသို့ လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်မှာကြားခဲ့သည်။

ယင်းနောက်တွင်မတော့ မုန်တိုင်းဒဏ်သင့် ရခိုင်ဒေသမြို့ရွာများကို ယခင်မူလအခြေအနေထက် သာလွန်ကောင်းမွန်အောင် ပြန်လည်ထူထောင်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ရခိုင်ပြည်နယ်အစိုးရတို့ တက်ညီလက်ညီ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည်။ စေတနာရှင် အလှူရှင်များကလည်း သဒ္ဓါတရားထက်သန်စွာလှူဒါန်းကူညီခဲ့ကြသည်။

တပ်မတော် (ရေ)၊ တပ်မတော် (လေ) မှ ရေယာဉ်လေယာဉ်များ၊ ထောက်ပို့မော်တော်ယာဉ်တန်းများကလည်း ရခိုင်ဒေသအတွက် စားရေရိက္ခာများ ကူညီထောက်ပံ့ရေး၊ တည်ဆောက်ရေးပစ္စည်းများ သယ်ယူရေးတို့တွင် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ပါဝင်ခဲ့ရသည်။ မုန်တိုင်းမလာမီကပင် အဆင့်ဆင့်လမ်းညွှန်မှုများဖြင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့ကြ၍လည်းကောင်း၊ မုန်တိုင်းဝင်ရောက်ပြီးနောက် ပူးပေါင်းဆောင်ရွက်ခဲ့ကြ၍လည်းကောင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လျင်မြန်စွာလုပ်ဆောင်နိုင်ခဲ့ကြပြီး လျှပ်စစ်မီးများလင်းခဲ့သည်။ လမ်း၊ တံတားများပြုပြင် တည်ဆောက်ပေးနိုင်ခဲ့သည်။ သန့်ရှင်းသောသောက်သုံးရေများ ဖြန့်ဝေပေးနိုင်ခဲ့သည်။ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များ အချိန်မီ ပြန်လည်ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့သည်။ ဆေးရုံ၊ ဆေးခန်းများ ပြန်လည်ဖွင့်လှစ်၍ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်သကဲ့သို့ အထူးကုဆရာဝန် ကြီးများအဖွဲ့ဖြင့် မြို့နယ်အသီးသီးသို့ သွားရောက်ကုသပေးနိုင်ခဲ့ကြသည်။ စိုက်ပျိုး၊မွေးမြူရေးလုပ်ငန်းများကို ပြန်လည်စတင်နိုင်ခဲ့သည်။ ဘုရားကျောင်းကန်စေတီပုထိုးများ၊ သာသနိကအဆောက်အအုံများ၊ ဘာသာရေးဆိုင်ရာအဆောက်အအုံများကို ပြန်လည်ပြုပြင်မွမ်းမံ တည်ဆောက်ပေးခဲ့ကြသည်။ အားကစားကဏ္ဍ ဖွံ့ဖြိုးရေးလုပ်ငန်းများပင်မကျန်စေရ။

ယင်းလုပ်ငန်းများ ဆောင်ရွက်ပေးဖို့ရာအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများအနေဖြင့် ရခိုင်ဒေသသို့ မကြာခဏသွားရောက် ကွပ်ကဲဆောင်ရွက်ခဲ့ကြသလို ဒုတိယဝန်ကြီးများက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရိပ်သာတွင် ရက်ပေါင်းများစွာ အခြေပြုနေထိုင်၍ မိမိတို့တာဝန်ယူထားရသော ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို အနီးကပ်ကြီးကြပ်ဆောင်ရွက်ခဲ့ကြရသည်။

ကျွန်တော်သည်လည်းပဲ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ဆောင်ရွက်ပေးနေသည့် သောက်သုံးရေဖြန့်ဝေရေးလုပ်ငန်းများ၊ လမ်း၊ တံတား ပြုပြင်တည်ဆောက်ပေးမှုများ၊ သမဝါယမအသင်းအဖွဲ့များ၏ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို ရက်ပေါင်း ၆၂ ရက်ကြာ နေထိုင်ဆောင်ရွက်ခဲ့သည်။ ယင်းသို့ ဆောင်ရွက်ရင်း နိုင်ငံတော်အစိုးရ၏ စေတနာ၊ ဝန်ကြီးဌာနများ၏ ကြိုးပမ်းဆောင်ရွက်မှု၊ အလှူရှင်များ၏ သဒ္ဓါတရားတို့ကို အများပြည်သူ သိရှိစေရန်အတွက် သတင်းစာဆောင်းပါးများ ရေးသားဂုဏ်ပြုပေးခဲ့သည်။

ထိုသို့ ဂုဏ်ပြုရေးသားရာတွင် မြို့ရွာအသီးသီး၌ လျှပ်စစ်ဓာတ်အား ပြန်လည်ပို့လွှတ်မီးလင်းစေရေးအတွက် နေ့မအား ညမနား၊ မိုးထဲလေထဲရေထဲမှာ အပင်ပန်းခံဆောင်ရွက်ခဲ့ကြသည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကို ပထမဦးဆုံးဖော်ပြ၍ ရေးသားခဲ့သည်။ မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ဒေသပြန်လည်ထူထောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ချက်များ (လျှပ်စစ်စွမ်းအားဝန်ကြီးဌာန) ခေါင်းစဉ်ဖြင့်။

သူ့နောက်မှ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စသည်ဖြင့်။

စေတနာရှင်အလှူရှင်များနှင့် အနုပညာရှင်များကိုရည်ညွှန်း၍ မိုခါမုန်တိုင်းကြားက နှလုံးလှသူများခေါင်းစဉ်ဖြင့် ထည့်သွင်းဖော်ပြလိုက်သေးသည်။ ဆိုရသော် ရခိုင်ဒေသနှင့်ပတ်သက်၍ မရည်ရွယ်ဘဲလျက် မှတ်တမ်းတစ်ခုပြုမိသွားခဲ့သည်။ ယခုလည်း “ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲမှသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ ခေါင်းစဉ်ဖြင့် ဆောင်းပါးများရေးသားဂုဏ်ပြုရန် ကြံရွယ်လိုက်သောအခါ ပထမဦးဆုံးမြင်လိုက်မိသည်က သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနဖြစ်လို့ နေပါတော့သည်။ သူတို့ဝန်ကြီးဌာနနှင့် Digital Corner ပြခန်းတို့ ချိတ်ဆက်ပြီး လုပ်ငန်းရှင်များ၊ လေ့လာကြည့်ရှုသူများ၏ လိုလားချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့၍ပါတည်း။

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြခန်း

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲ၌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြခန်းတွင် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ဇီဝနည်းပညာ သုတေသနဦးစီးဌာနနှင့် အဏုမြူစွမ်းအင်ဦးစီးဌာန စသည့်ဦးစီးဌာနသုံးခုပေါင်းစပ်၍ ပြည်တွင်းထုတ်လုပ်မှုဖူလုံစေရန်၊ ပြည်ပပို့ကုန် တိုးမြှင့်နိုင်စေရန်နှင့် နိုင်ငံတကာဈေးကွက်အထိ ထိုးဖောက်နိုင်စေရန်ရည်ရွယ်ပြီး ပြကွက် ၁၂ ကွက်ဖြင့် ပြသထားရှိပါသည်။

သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ပြကွက်တွင် စက်မှုလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများအတွက် ကုန်ထုတ်လုပ်မှု အရည်အသွေးနှင့် ဈေးကွက်လိုအပ်ချက်များကို တိုးတက်စေရန်၊ နိုင်ငံတော်၏ဝင်ငွေနှင့် ဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံဖြစ်သော ကုန်ထုတ်လုပ်မှုများမြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် မြန်မာ့စံချိန်စံညွှန်းနှင့် ISO စံချိန်စံညွှန်းများရောင်းချခြင်း၊ စံချိန်စံညွှန်းဆိုင်ရာ အသိပညာပေးသင်တန်းများ ပို့ချခြင်း၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကုန်သွယ်မှုဆိုင်ရာနည်းပညာ အတားအဆီးများ (WTO/ TBT) သဘောတူညီချက်နှင့်အညီ အမျိုးသားအဆင့်စုံစမ်းရေးဌာန (National Enquiry Point)အဖြစ် ဆောင်ရွက်ခြင်း၊ စံချိန်စံညွှန်း စာကြည့်တိုက်အနေဖြင့် ဝန်ဆောင်မှုပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

ဇီဝနည်းပညာသုတေသနဦးစီးဌာန၏ ပြကွက်တွင် လက်ရှိထုတ်လုပ်ရောင်းချနေသည့် ဇီဝထုတ်ကုန်ခြောက်မျိုးရွှေစိမ်း (အပင်အားတိုးဆေး)၊ ရွှေဆည်ရည် (သီးပွင့်အားတိုးဆေး၊ အပင်ရောဂါပိုးကာကွယ်ဆေး)၊ ရွှေပိုးနှင် (သီးပွင့်အားတိုးဆေး၊ အပင်ရောဂါကာကွယ်ဆေး)၊ ရွှေဇီဝ (အကျိုးပြု အဏုဇီဝပိုးတွေပါသော ဇီဝမြေဩဇာ)၊ တစ်သျှူးမျိုးပွားအပင်များ (နဂါးမောက်၊ တပင်တိုင်မြနန်း၊ ရွှေနီ၊ ဖီးကြမ်း၊ ခွံဝါတစ်သျှူးငှက်ပျော၊ နာနတ်၊ မြန်မာသစ်ခွ၊ ပိန်းပန်း)၊ Green – Tricho ဇီဝမှိုသတ်ဆေး (မြေတွင်းအောင်းမှိုသတ်ဆေး၊ မြေဆောင်၊ လေဆောင်၊ အစေ့ဆောင်မှို) စသည်တို့ကို ပြသထားရှိပါသည်။

အဏုမြူစွမ်းအင်ဦးစီးဌာန၏ ပြကွက်တွင် နျူကလီးယားနည်းပညာကို အသုံးချပြီး MSME ထုတ်ကုန်များကို အရည်အသွေးနှင့် တန်ဖိုးမြှင့်တင် ထုတ်လုပ်ပုံများကို အဓိကပြသထားပါသည်။ ဂမ္မာဓာတ်ရောင်ခြည်ပေးပြီး ဝန်ဆောင်မှုလုပ်ငန်းခုနစ်မျိုးကို ဆောင်ရွက်နိုင်ပါသည်။ အဆိုပါဝန်ဆောင်မှုများအနေဖြင့် အစားအစာများ ဘေးအန္တရာယ်ကင်းရှင်းစေခြင်း၊ တာရှည်ခံခြင်း၊ စက်မှုထုတ်ကုန်ပစ္စည်းများဖြစ်သည့် ဝိုင်ယာကြိုးများ၊Polyethylene Foam Pipe များ၏ ဂုဏ်သတ္တိအရည်အသွေး တိုးတက်မြှင့်တင်လာစေခြင်း၊ စိုက်ပျိုးရေးအထောက် အကူပြုသင်တန်းများ၊ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုများ လျှော့ချရေးမှာ အထောက်အကူဖြစ်စေခြင်း၊ သဘာဝတွင်းထွက် ကျောက်မျက်များ၏ အရည်အသွေးမြှင့်တင်ခြင်း၊ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ၏ အရည်အသွေးမြှင့်တင်ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဖြစ်ပါသည်။ ယခုအခါ Semi com-mercial အဆောက်အအုံကို ဆောက်လုပ်လျက်ရှိပြီး နောင်လာမည့် တစ်နှစ်၊ နှစ်နှစ်အတွင်း ပြည်သူများ အသုံးချနိုင်မည်ဖြစ်ကြောင်း တာဝန်ရှိသူကပြောကြားခဲ့သည်။

လုပ်ငန်းရှင်များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးနိုင်မှု အခြေအနေ

ပြပွဲတွင် One Stop Service ကိုလည်း ဆောင်ရွက်ပေးထားပြီး နည်းပညာလာရောက် တောင်းခံသည့် လုပ်ငန်းရှင်များကို ပြပွဲအချိန်တွင်းမှာပင် ရှင်းလင်းဆွေးနွေးပေးပါသည်။ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနတွင် မြန်မာစံချိန်စံညွှန်းစာရင်း (List) ၈၈၉ ခု ရှိပြီး ၎င်းတို့အနက်မှ လုပ်ငန်းရှင်များလိုအပ်သည့် စံချိန်စံညွှန်းမပါဝင်သဖြင့် ထပ်မံရေးဆွဲပေးရန် တောင်းခံသူလုပ်ငန်းရှင်မျာအား နည်းပညာတောင်းခံသည့်ပုံစံ (Form) တွင် ဖြည့်သွင်းဆောင်ရွက်ပေးရာ ပြပွဲကာလအတွင်း လုပ်ငန်းရှင် ၄၂ ဦး တင်သွင်းသွားပါသည်။ လုပ်ငန်းရှင်တစ်ဦးအတွက် ၎င်း၏ လယ်ယာထုတ်ကုန်မှာသုံးသည့် စက်ပစ္စည်းအစိတ်အပိုင်းများအား မာကြောမှုတိုင်းတာပြီးဖြစ်ကြောင်း၊ Stainless Steel ဖြစ် ကြောင်း၊ Certificate ရရန်အတွက် ရန်ကုန်သို့ပေးပို့ပြီး လုပ်ငန်း (Function) အား ချက်ချင်း ဆောင်ရွက်ပေးခဲ့ကြကြောင်းတွေ့ရသည်။

Digital Corner ပြခန်း

Digital Corner ပြခန်းကို ပြခန်းအမှတ် ၂၇ တွင် ထားရှိပြီး MSME ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒစ်ဂျစ်တယ်နည်းပညာအသုံးချမှုဆိုင်ရာ ပြကွက် ၁၆ ခုအား Nay Pyi Taw State Polytechnic University အပါအဝင် အဆင့်မြင့်သိပ္ပံနှင့်နည်းပညာ ဦးစီးဌာနအောက် တက္ကသိုလ် ၉ ခုမှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ စုစုပေါင်း ၃၆ဦး တို့က ရှင်းလင်းပြသခဲ့ကြသည်။ SmartAgriculture၊ e-Commerce၊ e-Service ပြကွက်များအပြင် ဉာဏ်ရည်တုနည်းပညာ AI ပြကွက်များလည်း ပါဝင်ပေသည်။

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ ခင်းကျင်းပြသ ထားသည့် Digital Corner ပြခန်းတွင် Digital Solution for Restaurant၊ Smart Helmet for Riders၊ Sales and Ordering Management System၊ Paddy Farming System for Mon State၊ Heritage Craft Heaven၊ Rental and Sale Management System၊ Leather Lux ၊ Myanmar Cuisine၊ Digital Transformation of MSME၊ Ayar Farm Link MSME Mobile App၊ AI for MSME၊ Myanmar Product Zone၊ Hair Salon Manage-ment System၊ Farmers’ Era၊ CashNex Banking System၊ Branded Cosmetics Online Shopping System စသည့် ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ ပရောဂျက်များအကြောင်းကို ရှင်းလင်းပြသထား ပါသည်။

MSME လုပ်ငန်းရှင်များ၏ ထုတ်ကုန်များကို Online မှတစ်ဆင့် ရောင်းချနိုင်စေရန်၊ ထုတ်ကုန်များကို ကြော်ငြာနိုင်စေရန်၊ ငွေပေးချေမှုများဆောင်ရွက်လိုပါက ဒစ်ဂျစ်တယ်နည်းပညာများကို အသုံးပြုခြင်းဖြင့် တွင်တွင်ကျယ်ကျယ်ဆောင်ရွက်နိုင်စေရန် e-Commerce Website များ ထူထောင်ပေးထားပြီး ပုသိမ်ကွန်ပျူတာတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများရေးဆွဲထားသည့် Digital Transformation of MSME ကို Website Portal တွင် ထုတ်လွှင့်ထားရှိပြီး ဖြစ်ပါသည်။

ထို့ပြင် ဒစ်ဂျစ်တယ်နည်းပညာနှင့် ပြုလုပ်ထားသည့် Smart Helmet for Riders ကို ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများက တီထွင်ထားရှိပြီး Launch လုပ်ရန် စီစဉ်ဆောင်ရွက်နေဆဲဖြစ်ပါသည်။ ယခုအခါ MSME ပြပွဲတွင် ဧရာဝတီတိုင်းဒေသကြီးမှ လုပ်ငန်းရှင်တစ်ဦးက ကောက်စိုက်ကိရိယာတီထွင်လိုသည့်အတွက် နည်းပညာအကူအညီပေးရန် တောင်းခံခဲ့ကြောင်းလည်း သိရှိခဲ့ရသည်။

နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်မှ ကျွမ်းကျင်ကျောင်းသား ကျောင်းသူများသည် Website မျိုးစုံကို ကျွမ်းကျင်စွာရေးသားနိုင်သည့်အတွက် MSME လုပ်ငန်းရှင်များ၊ ဘဏ်လုပ်ငန်းရှင်များနှင့် ချိတ်ဆက်ဆောင်ရွက်မည်ဆိုပါက ကျောင်းသား ကျောင်းသူများအနေဖြင့် Domain Knowledge များရရှိပြီး ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် မလိုအပ်ဘဲ ပြည်တွင်း၌ အလုပ်အကိုင်ရရှိစေမည်ဖြစ်ပြီး လုပ်ငန်းရှင်များအနေဖြင့်လည်း အကျိုးကျေးဇူးများစွာ ရရှိနိုင်သည့်အတွက် နှစ်ဦးနှစ်ဖက် အကျိုးကျေးဇူးများစွာရရှိနိုင်သော လုပ်ငန်းစဉ်ဖြစ်ပါသည်။

ပရောဂျက်များ ပူးပေါင်းဆောင်ရွက်ရန် ကမ်းလှမ်းမှု

Digital Corner ပြခန်းကို ဝင်ရောက်ကြည့်ရှုလေ့လာကြပြီးနောက် ပြခန်းရှိ ပရောဂျက်များအား ပူးပေါင်းဆောင်ရွက်ရန် အကြံပြုဖိတ်ခေါ်သူများစွာ ရှိလာခဲ့သည်။ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက Farmers’ Era ကို နေပြည်တော်ကောင်စီနယ်မြေရှိ စိုက်ပျိုးရေးလုပ်ငန်းများနှင့် ဆက်စပ်သော စီးပွားရေးလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင့်လွင်က Paddy FarmingSystem for Mon State၊ Ayar Farm Link MSME Mobile App၊ Farmers’ Era ကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်လည်းကောင်း၊ မြန်မာ့ဩဘာလုပ်ငန်းစုမှလည်းကောင်း အခြားသောပညာရှင်၊ လုပ်ငန်းရှင်များမှလည်းကောင်း အကြံပြုမှုများ၊ ဖိတ်ခေါ်ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့ကြကြောင်း တွေ့ရသည်။

ဆုချီးမြှင့်ရေးမှာ ပါဝင်ကူညီ

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် သူ၏တပည့်များကို ကျေးဇူးတင်ရသည့် ကိစ္စတစ်ခုမှာ ကျွန်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်သော ပြိုင်ပွဲကျင်းပရေး၊ ဆုရွေးချယ်ရေးနှင့် ဆုချီးမြှင့်ရေးဆပ်ကော်မတီကို သူတို့၏ နည်းပညာဖြင့် ဝိုင်းဝန်းကူညီခဲ့ကြ၍ဖြစ်သည်။ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲဆုချီးမြှင့်ခြင်းအခမ်းအနားတွင် ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှု (Digital Transfor-mation) ကို လက်တွေ့ကျကျ ဆောင်ရွက်သည့်အနေဖြင့် LED Board ပေါ်၌ နောက်ခံပြသမှု၊ ဒစ်ဂျစ်တယ်ဆုတံဆိပ်များ ပြုလုပ်မှု၊ ဂုဏ်ပြုချီးမြှင့်ငွေကို ဆုရသူ၏ iBanking Account ထဲသို့ လွှဲပြောင်းပေးပို့မှုအားလုံးကို အဆင်ပြေချောမွေ့အောင် ကူညီခဲ့ကြသည်။

ဆုရသူများ၏ ကိုယ်ရေးအချက်အလက်ကို ဖော်ပြရန်အတွက် ပိုင်သွန် (Python) ပရိုဂရမ်ဘာသာစကားဖြင့်ရေးသားခြင်း၊ ငွေပေးချေမှုလုပ်ငန်းစဉ်နှင့် ဆုချီးမြှင့်မှုလုပ်ငန်းစဉ်တို့အတွက် ဒီဇိုင်းရေးဆွဲဖန်တီး တည်ဆောက်ပေးခဲ့ကြသည်။

ကျေးဇူးတင်ရပါသည် သိပ္ပံနှင့်နည်းပညာ။

(ဆက်လက်ဖော်ပြပါမည်)