Skip to main content

လူသားအားလုံးကျန်းမာဖို့၊ သစ်တောများကိုထိန်းသိမ်းစို့

သစ်တောမောင်

 

ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံက ပြည်သူများအကြား သစ်ပင်သစ်တောထိန်းသိမ်း ခြင်းဆိုင်ရာ အသိပညာဗဟုသုတများ တိုးပွားစေရန်၊ သစ်တောများ၏အရေးပါသည့် အခန်းကဏ္ဍကို ပိုမိုနားလည်လာစေရန်၊ သစ်တောထိန်းသိမ်းရေး လုပ်ငန်းများတွင် ပိုမိုပူးပေါင်းပါဝင်လာစေရန်နှင့် သစ်ပင်သစ်တောများကို ပိုမိုချစ်ခင်မြတ်နိုးတတ်စေရန် ရည်ရွယ်ပြီး ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ဆုံးဖြတ်ချက်အမှတ် A/C.2/67/L.4 ဖြင့် နှစ်စဉ် မတ်လ ၂၁ ရက်နေ့ကို “အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့” (International Day of Forests) အဖြစ် သတ်မှတ်ကြေညာခဲ့သည်။

 

အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ကို အနှစ်သာရပြည့်ဝစွာဖြင့် ကျင်းပနိုင်ရန်အတွက် ကြွေးကြော်သံဆောင်ပုဒ်များ သတ်မှတ်ဆောင်ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ်အတွက် ဆောင်ပုဒ်မှာ “Healthy Forests for Healthy People” “လူသား အားလုံးကျန်းမာဖို့၊ သစ်တောများကို ထိန်းသိမ်းစို့” ဖြစ်သည်။ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံ အသီးသီးတွင် အထိမ်းအမှတ်အခမ်းအနားများကို အနှစ်သာရ ပြည့်ဝစွာ ကျင်းပလျက်ရှိကြသည်။ လူသားများ၏ ရုပ်ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို မြှင့်တင်ရာတွင်လည်းကောင်း၊ ကမ္ဘာ့လူသားအားလုံးအတွက် စားဝတ်နေရေး၊ စားရေရိက္ခာဖူလုံရေးနှင့် လူမှုဘဝသာယာဝပြောရေးတို့အတွက် မရှိမဖြစ်အရေးပါသော သစ်တောများကို ထိန်းသိမ်းကာကွယ်ရာတွင်လည်းကောင်း ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ဆောင်ရွက်လာနိုင်ရန် သစ်တောများ၏အရေးပါသော အခန်းကဏ္ဍကို ပိုမိုအလေးထား သတိပြုလာစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။

သစ်တောများနှင့် ပြည်သူလူထုကျန်းမာရေး

သစ်တောများသည် လူသားများ၏ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သော အစားအစာနှင့် ဆေးဝါးများအား ထောက်ပံ့ပေးစွမ်းလျက်ရှိသည်။ သစ်တောများသည် ကမ္ဘာတစ်ဝန်းရှိ သန်းနှင့်ချီသောလူများအတွက်အရေးကြီးသည့် အစာအာဟာရ အရင်းအမြစ်တစ်ခုလည်းဖြစ်ပြီး သစ်တောများမှရရှိသည့် အခြေခံအစားအစာများသည် လူသားများအတွက် အရေးကြီးသောအာဟာရနှင့်ဝင်ငွေအရင်း အမြစ်များဖြစ်ကြသည်။ သစ်တောများမှရရှိသော သစ်သီးသစ်ရွက်များ၊ အစေ့အဆန်များနှင့် အခွံမာသီးများ၊ သစ်ဥသစ်ဖုများ၊ မျှစ်၊ မှို၊ ပျားရည်စသော အစားအစာများ၊ ဆေးဖက်ဝင်အပင်များသည် လူသားများအတွက် အာဟာရပြည့်ဝရေး များစွာ အထောက်အပံ့ပေးလျက်ရှိသည်။ အာဟာရ ပြည့်ဝသောအသီးအနှံ၊ အစားအစာများကိုစားသုံးခြင်းဖြင့် ကျန်းမာရေးကို အထောက်အကူပြု စေသည်။

ရှေးနှစ်ပေါင်းများစွာမှစ၍ ယနေ့တိုင် ကမ္ဘာတစ်ဝန်းတွင်ကျယ်စွာ အသုံးပြုနေကြသည့် တိုင်းရင်းဆေးဝါးများသည် သစ်တောသစ်ပင်များမှ ရရှိကြခြင်းဖြစ်သည်။ “နွယ်မြက်သစ်ပင် ဆေးဖက်ဝင်” ဆိုသကဲ့သို့ ကျန်းမာရေးအတွက် နွယ်ပင်၊ မြက်ပင်အပါအဝင် အပင်အမျိုးမျိုးကိုဆေးအဖြစ်သုံးစွဲခဲ့ကြရသည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) ၏ အဆိုအရကမ္ဘာ့လူဦးရေ၏ ၈၀ ရာခိုင်နှုန်းသည် တိုင်းရင်းဆေးကိုမှီခိုနေရဆဲဖြစ်ပြီး အများစုမှာသစ်တောသစ်ပင်များမှ ရရှိကြသည်။ ကမ္ဘာတစ်ဝန်းတွင် ဆေးဘက်ဆိုင်ရာ ရည်ရွယ်ချက်များအတွက် အပင်မျိုးစိတ်ပေါင်း ၅၀၀၀၀ ခန့်အထိ အသုံးချနိုင်ခဲ့ကြောင်း သိရသည်။ အထူးသဖြင့် အပူပိုင်းသစ်တောများသည် လူသားများအတွက် ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် နှစ်စဉ်အမေရိကန်ဒေါ်လာ ၁၀၈ သန်းနှင့် ညီမျှသော ဆေးဖက်ဝင်အပင်များကို ထောက်ပံ့လျက်ရှိသည်။

ယနေ့ နောက်ဆုံးပေါ် ဆေးဝါးများ၏ ၂၅ ရာခိုင်နှုန်းကျော်သည် အပူပိုင်းသစ်တောများမှ ရရှိ ကြသည်။ ကမ္ဘာတစ်ဝန်းတွင်လူဦးရေ တစ်ဘီလီယံကျော်သည် ဆေးဖက်ဝင်အပင်များအား ကလေးငယ် များ ဝမ်းလျှောခြင်းရောဂါကို ကုသရန် အိမ်သုံးဆေး ကုထုံးအဖြစ် အသုံးပြုလျက်ရှိကြသည်။ ထို့ပြင် တရုတ်နိုင်ငံတွင် သဘာဝအပင်မျိုးစိတ်ပေါင်း ၂၆၀၀၀ ကျော်ထဲမှ ၅၀၀၀ နီးပါးကို ရိုးရာဆေးဝါးများအဖြစ် အသုံးပြုလျက်ရှိကြောင်း သိရသည်။ ထို့အတူ မြန်မာနိုင်ငံတွင် သဘာဝအပင်မျိုးစိတ် ၅၀၀ နီးပါး ၏ ဆေးဖက်ဝင်မှုကို သိပ္ပံနည်းကျ လေ့လာမှတ်တမ်း တင်ထားရှိပြီးဖြစ်ကာ အများစုကိုအသုံးပြုလျက်ရှိ သည်။

ယခုအခါတွင် သစ်တောပြုန်းတီးခြင်း၊ မြေယာ အသုံးပြုမှုပြောင်းလဲခြင်း၊ သစ်တောနယ်မြေများအတွင်းသို့ လူသားများအခြေချဝင်ရောက်နေထိုင်ခြင်းနှင့် တရားမဝင် တောရိုင်းတိရစ္ဆာန်များ ရောင်းဝယ်ဖောက်ကားခြင်း၊ လူနှင့်တိရစ္ဆာန်ထိတွေ့ မှုများလာခြင်း စသည့်အကြောင်းရင်းများကြောင့် Zoonotic Diseases ဟုခေါ်သော တောရိုင်းတိရစ္ဆာန် များနှင့် အိမ်မွေးတိရစ္ဆာန်များမှတစ်ဆင့် ရောဂါပိုးမွှား များပြန့်ပွားရန် အလားအလာများတိုးမြင့်လာခဲ့ သည်။ လူသားများ၏ ကျန်းမာရေးကိုထိခိုက်နိုင်သော အခြေအနေများကို ရင်ဆိုင်ရလျက်ရှိသည်။

ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးခြင်း၊ သစ်တောများ ပြုန်းတီးခြင်း၊ ဂေဟစနစ်များ ပျက်စီးခြင်းနှင့် ပတ်ဝန်းကျင်ညစ်ညမ်းခြင်းတို့ကြောင့် ကျန်းမာရေး ဆိုင်ရာပြဿနာများ ဖြစ်ပေါ်စေနိုင်သည်။ အဆိုပါ ပြဿနာများသည် ငှက်ဖျားရောဂါ၊ သွေးလွန် တုပ်ကွေး၊ HIV၊ အီဘိုလာဗိုင်းရပ်စ်နှင့် ကိုဗစ်-၁၉ ကဲ့သို့သောကူးစက်ရောဂါများနှင့် တိုက်ရိုက်သို့မဟုတ် သွယ်ဝိုက်ဆက်စပ်လျက်ရှိပြီး ကျန်းမာရေးနှင့်လူမှုစီးပွား ဆိုးကျိုးအန္တရာယ်များကို ဖြစ်ပေါ်စေသည်။

သစ်တောပြုန်းတီးခြင်း (Deforestation) နှင့် သစ်တောများ အပိုင်းပိုင်းပြတ်တောက်ခြင်း (Forest Fragmentation) များကြောင့် တောရိုင်းတိရစ္ဆာန်များ၏ နေရင်းဒေသများ ဆုံးရှုံးပျောက်ကွယ်ပြီး လူများအခြေချနေထိုင်ရာ မြို့ရွာများနှင့်နီးကပ်စွာ လာရောက်နေထိုင်ခြင်း၊ လူသားနှင့်တောရိုင်း တိရစ္ဆာန်ပဋိပက္ခများ မြင့်တက်လာခြင်းတို့ ဖြစ်ပေါ်လာနိုင်ပြီး ရောဂါကူးစက်နိုင်မှုအန္တရာယ်မှာလည်း မြင့်တက်လာစေမည်ဖြစ်သည်။ လူသားများအကြား ကူးစက်တတ်သောရောဂါအားလုံး၏ ၇၀ ရာခိုင်နှုန်း သည် တောရိုင်းတိရစ္ဆာန်များမှတစ်ဆင့် ကူးစက်လာ ခြင်းဖြစ်သဖြင့် လူသားများကျန်းမာရေးအတွက် တောရိုင်းတိရစ္ဆာန်များ၏ နေရင်းဒေသများဖြစ်သော သဘာဝသစ်တောများ ပျက်စီးဆုံးရှုံးမှုမရှိစေရန် ထိန်းသိမ်းကြရမည်ဖြစ်သည်။

အဆိုပါ ပြဿနာများအားဖြေရှင်းနိုင်မည့် နည်းလမ်းတစ်ခုအနေဖြင့် သစ်တောထိန်းသိမ်းခြင်း လုပ်ငန်းများကို ကျန်းမာရေးချဉ်းကပ်မှုနည်းလမ်းတစ်ခု (One Health Approach) အဖြစ် ထည့်သွင်း စဉ်းစားပြီး ဖြေရှင်းရန် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်သည်။ သစ်တောများနှင့် တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးကဏ္ဍတွင် One Health Approach လုပ်ဆောင်ချက်များသည် ရောဂါအန္တရာယ်စီမံခန့်ခွဲမှုများအတွက် အလွန်ထိရောက်နိုင်သဖြင့် သစ်တောများနှင့် ဂေဟစနစ်ထိန်းသိမ်းရေး လုပ်ငန်းများနှင့် ချိတ်ဆက်ဆောင်ရွက်ကြရမည် ဖြစ်သည်။ ထို့ကြောင့် ယခုအခါဖွံ့ဖြိုးပြီးနိုင်ငံများတွင် သစ်တောကိုအခြေခံသော ရောဂါကုထုံးများ (Forest Therapy သို့မဟုတ် Forest Bathing) အဖြစ် ရောဂါများကို ကုသလျက်ရှိသည်။

သစ်တောများမှ စားရေရိက္ခာနှင့် ဆေးဝါးများ ပံ့ပိုးပေးသည့်အခန်းကဏ္ဍအပြင် လူသားများ၏ စားဝတ်နေရေးကို မြှင့်တင်ပေးသည့် အခြားသော ဝန်ဆောင်မှုများကို ပေးစွမ်းလျက်ရှိသည်။ ဥပမာ-သစ်တောများသည် နေအိမ်အဆောက်အအုံ ဆောက်လုပ်ရေး၊ ဇီဝလောင်စာရရှိရေး၊ သစ်နှင့် အခြားသစ်တောထွက်ပစ္စည်းများ ထုတ်ယူသုံးစွဲနိုင်ရေးတို့အတွက် အထူးအရေးပါသည်။ သစ်တောများသည် စိုက်ပျိုးသီးနှံများကောင်းမွန်စွာထွက်ရှိ နိုင်ရေးအတွက် မရှိမဖြစ်လိုအပ်သောဝတ်မှုန်ကူးခြင်းကဲ့သို့သော ဂေဟစနစ် ဝန်ဆောင်မှုများကိုလည်း ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့အပြင် သစ်တောများသည် လူသားများ၏ကျန်းမာရေးကို မြှင့်တင်ပေးသည့် ယဉ်ကျေးမှုနှင့်အပန်းဖြေမှုဆိုင်ရာ အကျိုးကျေးဇူးများကို ပံ့ပိုးပေးလျက်ရှိသည်။ ထို့ကြောင့် သစ်တောသယံဇာတများမှရရှိသည့် အစားအစာနှင့် ဆေးဝါးများသည် ပြည်သူလူထုအားအကျိုးပြုသည့် အထောက်အပံ့များဖြစ်သောကြောင့် အထူးအလေးထား ထိန်းသိမ်းကြရန်လိုအပ် သည်။

သန့်ရှင်းသော သောက်သုံးရေရရှိရေး

သစ်တောများက ပံ့ပိုးပေးသောဝန်ဆောင်မှုများအနက် အလွန်အရေးကြီးသည့် ဝန်ဆောင်မှုတစ်ခုမှာ သန့်ရှင်းသောသောက်သုံးရေရရှိခြင်းဖြစ်သည်။ သစ်တောသစ်ပင်များသည် မြေဆီလွှာနှင့်သဘာဝသစ်တောများမှတစ်ဆင့် စီးဆင်းသွားသည့် ရေတွင်ပါဝင်သောညစ်ညမ်းမှုများကို ဖယ်ရှားပေးသည့် သဘာဝရေစစ်များ (Natural Filter) ဖြစ်သည်။ ထို့အပြင် မြေကြီးထဲသို့ တဖြည်းဖြည်းစိမ့်ဝင်လာသည့် မိုးရေများကို စုဆောင်းသိမ်းဆည်းကာ မြေပေါ်မြေအောက်ရေအရင်းအမြစ်များအား ပြန်လည်အားဖြည့်ပေးခြင်းဖြင့် လူသားများ အတွက် အထောက်အပံ့ပြုလျက်ရှိသည်။

သစ်တောများ ဖုံးလွှမ်းလျက်ရှိသော ရေဝေ ရေလဲဒေသများ (Watershed Areas) နှင့် ရေတိမ် ဒေသများ (Wetlands) သည် ရေအရင်းအမြစ်များ ထိန်းသိမ်းပေးလျက်ရှိပြီး ကမ္ဘာ့ရေချိုပမာဏ၏ ၇၅ ရာခိုင်နှုန်းကို ပံ့ပိုးပေးလျက်ရှိသည်။ ကမ္ဘာ့အကြီးဆုံး မြို့တော်ကြီးများ၏ သုံးပုံတစ်ပုံသည် ၎င်းတို့ အတွက် လိုအပ်သည့် သောက်သုံးရေ ရာခိုင်နှုန်း အများစုကို သစ်တောများဖုံးလွှမ်းနေသော သဘာဝထိန်းသိမ်းရေးနယ်မြေများမှ ရရှိသည်။ ထို့ကြောင့် ရေဝေရေလဲဒေသ သစ်တောများသည် မြေပေါ်၊ မြေအောက် ရေသယံဇာတများထိန်းသိမ်းရေး၊ လူသားများ၏ကျန်းမာရေးနှင့် ရှင်သန်ရပ်တည်ရေး အတွက်မရှိမဖြစ်လိုအပ်သော ရေချိုအရင်းအမြစ် များဖြစ်သည့် မြစ်၊ ချောင်း၊ အင်းအိုင်များ၊ ဆည်တမံများ၊ ရေတိမ်ဒေသများ ရေရှည်တည်တံ့ရေးအတွက် အလွန်အရေးကြီးသော အခန်းကဏ္ဍမှပါဝင်လျက်ရှိ သည်။

လေကောင်းလေသန့်ရရှိရေး

သစ်ပင်သစ်တောများသည် အစာချက်လုပ်မှု လုပ်ငန်းစဉ် (Photosynthesis) မှတစ်ဆင့် သက်ရှိများအတွက်လိုအပ်သော အောက်ဆီဂျင်ကိုထုတ်ပေးပြီး လေထုအတွင်းမှ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များကို စုပ်ယူသိုလှောင်ပေးသည့်အတွက် လူသားများအပါအဝင် သက်ရှိအားလုံး ရှင်သန်ရေးအတွက် မရှိမဖြစ် အလွန်အရေးပါသည်။ သစ်တောများသည် သက်ရှိများ နေ့စဉ်ရှူရှိုက်နေ သောလေကိုသန့်စင်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ လေထုအတွင်းရှိ အန္တရာယ်ဖြစ်စေသည့် ညစ်ညမ်းမှုများ၊ အလွန်သေးငယ်သည့်အမှုန်အမွှားများကို မြို့ပြသစ်တော၊ သစ်ပင်များက ဖယ်ရှားပေးခြင်းဖြင့် လူသားများ၏ ကျန်းမာရေးကို အထောက်အကူပြုလျက်ရှိသည်။

လေထုညစ်ညမ်းခြင်းကြောင့် လူ့ကျန်းမာရေးကိုထိခိုက်စေပြီး အသက်ရှူလမ်းကြောင်းနှင့် နှလုံးသွေးကြောဆိုင်ရာ ပြဿနာများကိုဖြစ်ပေါ်စေနိုင်သည်။ လေထုညစ်ညမ်းမှုကြောင့် တစ်ကမ္ဘာလုံးတွင် နှစ်စဉ် လူပေါင်း ၄ ဒသမ ၂ သန်းခန့် အသက်ဆုံးရှုံးရ သည့်အန္တရာယ်နှင့် ကြုံတွေ့နေရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစီရင်ခံစာအရ သိရသည်။ လူသားများ အသက်ရှင်သန်ရေးနှင့် ကျန်းမာရေးကောင်းမွန်စေရန်အတွက် အချိန်တိုင်းရှူရှိုက်နေရသောလေ၏ အရည်အသွေးကောင်းမွန်စေရန် သစ်တောများ၏ အရေးကြီးသောအခန်းကဏ္ဍကို အသိအမှတ်ပြုကြရမည်ဖြစ်သည်။

ရာသီဥတုပြောင်းလဲမှုလျှော့ချရေး

အပူချိန်အလွန်အမင်းမြင့်မားခြင်း၊ အလွန် အမင်းနိမ့်ကျခြင်း၊ မိုးရေချိန် အလွန်အမင်းများပြား ခြင်း၊ မိုးခေါင်ခြင်းအစရှိသော ရာသီဥတုပြောင်းလဲမှုများကြောင့် လူသားများ၏ ကျန်းမာရေးအတွက် ဆိုးကျိုးများစွာဖြစ်ပေါ်စေသည်။ သစ်တောများသည် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် ကျန်းမာရေးဆိုင်ရာပြဿနာများအပါအဝင် နောက်ဆက်တွဲ သက်ရောက်မှုများ လျော့ပါး သက်သာစေရေးအတွက် အရေးပါသော အခန်း ကဏ္ဍမှ ပါဝင်လျက်ရှိသည်။ သစ်တောသစ်ပင်များ သည် ရာသီဥတုပြောင်းလဲမှုကို ဖြစ်ပေါ်စေသောလေထုအတွင်းမှ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကို ဖယ်ရှားပေးခြင်း၊ သစ်သား၊ သစ်ရွက်များနှင့်အမြစ်များတွင် ကာဗွန်ကိုသိုလှောင်ပေးခြင်းဖြင့် ရာသီဥတုပြောင်းလဲမှုကို လျှော့ချပေးလျက်ရှိသည်။ ထို့ကြောင့် သစ်တောပြုန်းတီးခြင်းနှင့် သစ်တောအတန်းအစားကျဆင်းခြင်းမှ ကာဗွန်ထုတ်လွှတ်မှုလျှော့ချခြင်း (Reducing Emissions from Deforestation and Forest Degradation-REDD+) ကဲ့သို့ သစ်တောထိန်းသိမ်းရေးလုပ်ငန်းများကို ကမ္ဘာတစ်ဝန်းသစ်တောကြွယ်ဝသော ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လာ ကြသည်။

သစ်တောသယံဇာတများထိန်းသိမ်းရေး

သစ်တောဦးစီးဌာနအနေဖြင့် သစ်တောပြုန်းတီး မှုလျှော့ချရေးနှင့် သစ်တောများ ထာဝစဉ်တည်တံ့စေရေးတို့အတွက် သစ်တောထိန်းသိမ်းရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိသည်။ အထူးသဖြင့်

- ၂၀၂၁-၂၀၂၂ နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တို့တွင် သစ်ထုတ်လုပ်မှု လုံးဝရပ်ဆိုင်းခဲ့ပြီး သစ်တောကဏ္ဍဖွံ့ဖြိုးရေးအတွက် ပြန်လည်ဆန်းစစ်ခြင်းနှင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများ အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်ခြင်း၊

- ၂၀၁၆−၂၀၁၇ ဘဏ္ဍာရေးနှစ်မှစတင်ပြီး ပဲခူးရိုးမဒေသတွင် သစ်ထုတ်လုပ်မှု (၁၀)နှစ် ရပ်ဆိုင်းခြင်းနှင့် သစ်တောများ အရှိန် အဟုန်ဖြင့် စိုက်ပျိုးထိန်းသိမ်းပြုစုခြင်း၊

- ထာဝစဉ်တည်တံ့သော သစ်တောစီမံ အုပ်ချုပ်မှုစနစ်ဖြစ်သည့် မြန်မာ့ရွေးချယ် စနစ် (Myanmar Selection System- MSS) ကို ကျင့်သုံးပြီး ကျွန်းနှင့်သစ်မာများ ထုတ်လုပ်ရာတွင် နှစ်စဉ်တောထွက် (Annual Allowable Cut- AAC) ပမာဏ ထက် လျော့နည်းပြီး ထုတ်ယူခဲ့ခြင်း၊

- မြန်မာနိုင်ငံ သစ်တောများ ပြန်လည် တည်ထောင်ရေးစီမံကိန်း (၂၀၁၇−၂၀၁၈ မှ ၂၀၂၆−၂၀၂၇) ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် အကောင်အထည် ဖော်ခြင်း၊

- တောရိုင်းတိရစ္ဆာန်များအတွက် နေရင်း ဒေသပြန်လည်တည်ထောင်ခြင်းလုပ်ငန်း အစီအစဉ် (၂၀၁၉-၂၀၂၀ မှ ၂၀၂၈-၂၀၂၉ အထိ) အကောင်အထည်ဖော်ခြင်း၊

- အမြဲတမ်းသစ်တောနယ်မြေများကို နိုင်ငံဧရိယာ၏ ၃၀ ရာခိုင်နှုန်း၊ သဘာဝ ထိန်းသိမ်းရေးနယ်မြေများကို နိုင်ငံဧရိယာ၏ ၁၀ ရာခိုင်နှုန်းအထိ တိုးချဲ့ဖွဲ့စည်းနိုင်ရန် စနစ်တကျအစီအစဉ်ရေးဆွဲဆောင်ရွက် လျက်ရှိခြင်း၊

- ပြည်သူဗဟိုပြု သစ်တောလုပ်ငန်းတစ်ခုဖြစ်သော ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း (Community Forestry-CF) ကို နှစ် (၃၀) အမျိုးသား သစ်တောကဏ္ဍ ပင်မစီမံကိန်းလျာထား ချက်နှင့်အညီ ဧရိယာဧက ၂ ဒသမ ၂၇ သန်း တည်ထောင်နိုင်ရေး စနစ်တကျ တည်ထောင်ဆောင်ရွက်လျက်ရှိခြင်း၊

- သစ်တောပြုန်းတီးခြင်းနှင့် သစ်တောအတန်းအစားကျဆင်းခြင်းမှ ကာဗွန်ထုတ်လွှတ်မှု လျှော့ချခြင်းလုပ်ငန်း (REDD+) ကို နိုင်ငံအဆင့် အစီအစဉ်များ အကောင်အထည်ဖော်လျက်ရှိခြင်း အစရှိသောလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။

လူသားအားလုံးကျန်းမာဖို့၊ သစ်တောများကိုထိန်းသိမ်းစို့

သစ်တောများက အထောက်အပံ့ပြုသော ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများသည် သက်ရှိ လောကအတွက် မရှိမဖြစ်လိုအပ်ပြီး ငွေကြေးအားဖြင့် တန်ဖိုးဖြတ်၍မရနိုင်အောင် အဖိုးတန်လှ သည်။ နွယ်ပင်၊ မြက်ပင်မှအစပြုပြီး အပင်မှန်သမျှ တန်ဖိုးအသီးသီးရှိကြသဖြင့် အဆိုပါတန်ဖိုးများကို သိရှိနားလည်ကာ တန်ဖိုးထားထိန်းသိမ်းရန်လိုအပ် သည်။

 “တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး” အတွက် အထောက်အကူပြုနိုင်အောင် သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရန် ထိန်းသိမ်းရေး၊ သစ်တောများ ပြန်လည် တည်ထောင်ရေးနှင့် ဂေဟစနစ်တည်ငြိမ်ရေးတို့ကို အလေးပေးဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံတစ်ဝန်း သစ်တောများဖုံးလွှမ်းလျက် စိမ်းလန်း စိုပြည်သာယာမှသာလျှင် ရာသီဥတုမျှတကောင်းမွန်ကာ စားရေရိက္ခာအထွက်တိုးပြီး တိုင်းပြည်သာယာဝပြောလျက် ပြည်သူလူထုအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာရွှင်လန်းကြမည် ဖြစ်သည်။

သစ်တောထိန်းသိမ်းရေး လုပ်ငန်းများ အောင်မြင်စေရန်အတွက် သက်ဆိုင်ရာ အစိုးရဌာန များသာမက ပြည်သူများအားလုံး ဝိုင်းဝန်းပူးပေါင်းပါဝင်မှသာ အပြည့်အဝ အောင်မြင်မှုရနိုင်မည်ဖြစ်သည်။ ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောများ၊ သဘာဝထိန်းသိမ်းရေးနယ်မြေများမှ သစ်တော သစ်ပင်များသာ အရေးကြီးသည်မဟုတ်ဘဲ သစ်တောနယ်မြေပြင်ပမှ သစ်ပင်များ၏အခန်း ကဏ္ဍကိုလည်း အထူးအလေးထားထိန်းသိမ်းကြရမည်ဖြစ်သည်။

ကျေးလက်ပြည်သူများအနေဖြင့် မိမိလယ်ယာ ခြံမြေ၊ ကျေးရွာများတွင် ရနိုင်သမျှသော မြေနေရာပေါ်တွင် ဘက်စုံသုံးသစ်ပင်များ စိုက်ပျိုးခြင်း၊ မိမိ အိမ်ထောင်စုနှင့် မိမိကျေးရွာလိုအပ်ချက်အတွက် တစ်နိုင်တစ်ပိုင် စိုက်ပျိုးထုတ်လုပ်သုံးစွဲခြင်း၊ သစ်၊ ထင်း၊ ဝါး လိုအပ်ချက်ဖြည့်ဆည်းနိုင်ရေးအတွက် တစ်အုပ်တစ်မ စိုက်ခင်းတည်ထောင်ခြင်း၊ သဘာဝ တောကျန်များထိန်းသိမ်းခြင်း၊ သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်း (Agroforestry)၊ မြို့ပြနေပြည်သူများအနေဖြင့် မျက်စိပသာဒဖြစ်စေရန်နှင့် အရိပ်ရအေးမြစေရေးအတွက် သစ်ပင်ပန်းပင်များ စိုက်ပျိုးခြင်း၊ သစ်မျိုးစုံဥယျာဉ်၊ ရုက္ခဗေဒဥယျာဉ် တည်ထောင်ခြင်း၊ အစိမ်းရောင်နယ်မြေများ (Green Zone) သတ်မှတ်၍ အရိပ်ရအပင်များ၊ မြို့ပြ တောအုပ်ငယ်များ စိုက်ပျိုးထိန်းသိမ်းခြင်း လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် သစ်တော ထိန်းသိမ်းရေးလုပ်ငန်းများကို အထောက်အကူပြု နိုင်မည်ဖြစ်သည်။

“တစ်သက်တာ စိတ်ချမ်းသာလိုလျှင် သစ်ပင် စိုက်ပါ” ဆိုသည့် စကားနှင့်အညီ စိတ်ချမ်းသာ ကိုယ်ကျန်းမာစေရေးအတွက် လူတိုင်းလူတိုင်း သစ်ပင်စိုက်ရန်လိုအပ်သည်။ “ယခုအချိန်သည် သစ်ပင်စိုက်ရန် အကောင်းဆုံးအချိန်ဖြစ်သည်” ဆိုသည့် ဆိုရိုးနှင့်အညီ ကျွန်ုပ်တို့အတွက်၊ ကျွန်ုပ်တို့၏အနာဂတ်မျိုးဆက်သစ်များအတွက်၊ ကျွန်ုပ်တို့၏ ကမ္ဘာမြေကြီးအတွက် ကျွန်ုပ်တို့အားလုံးသစ်ပင်စိုက်ကြရပါမည်။

ရာသီဥတု ကောင်းမွန်သာယာမျှတစေရန်၊ စားရေရိက္ခာဖူလုံစေရန်၊ သစ်ထင်းဝါး လောင်စာ စွမ်းအင်လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရန်၊ ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများ တိုးပွားစေရန် ကျွန်ုပ်တို့အားလုံးသစ်ပင်စိုက်ပျိုးကြရပါမည်။ သစ်တောများ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြ ရပါမည်။ တစ်ပင်စိုက်လျှင် တစ်ပင်ရှင်သန်အောင် ပြုစုထိန်းသိမ်းကြရပါမည်။ “Healthy Forests for Healthy People” “လူသားအားလုံးကျန်းမာဖို့၊ သစ်တောများကိုထိန်းသိမ်းစို့” ဟူသောဆောင်ပုဒ် နှင့်အညီ လူသားများကျန်းမာရေးအတွက် အကျိုးပြုလျက်ရှိသော သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရန် ထိန်းသိမ်းကြပါစို့ဟု တိုက်တွန်းရင်း ၂၀၂၃ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ကို ဂုဏ်ပြုရေးသားလိုက်ပါသည်။ ။